၁၇. ၂. ၂၀၂၃
Written By Myo Khine
လုပ်ငန်းကိုအကြောင်းပြကာ ငွေကြေးအကူအညီတောင်းခံခဲ့သည့် နာမည်ကြီးမင်းသမီးဇနီးမောင်နှံအား ချေးငွေ ကျပ်သိန်း ၅၀၀၀ ပြန်မဆပ်သဖြင့် အင်းတကော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အမှုဖွင့်ထားသည့် ကာယကံရှင်က MT News သို့ ပြောသည်။
ယင်းတို့မှာ လွန်ခဲ့သောနှစ်၂၀ ခန့်ကပင် ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ပြီး မင်းသမီးဇနီးမောင်နှံက ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အရေးတကြီး ငွေလိုသည်ဆိုကာ ငွေကျပ် သိန်း ၅၀၀၀ ကို ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်က ဆိုသည်။
“သူတို့နဲ့က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ရင်းနှီးတာ။ ဒါပေမဲ့ ငွေကို ပြန်မပေးဘဲ ရှောင်နေတယ်။ ဒါကြောင့် လိုက်ရှာပြီး ဆုံကြတယ်။ ညှိနှိုင်းခဲ့ကြတယ်။ သူတို့ ချေးယူသွားတဲ့ ငွေ သိန်း ၅၀၀၀ ထဲက သိန်း ၃၀၀၀ ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တစ်ကြိမ် ၊ နောက် ကျန်တဲ့ သိန်း ၂၀၀၀ ကို ၂၀၂၃ ခုနှစ် (ဒီနှစ်) ဇန်နဝါရီ ၅ ရက်မှာ တစ်ကြိမ် ပေးမယ်လို့၊ ဆပ်မယ်လို့ သူတို့ လင်မယားနှစ်ယောက်လုံးက သက်သေတွေ၊ အုပ်ချုပ်ရေးမှူးတွေ ရှေ့မှာ ခံဝန်လက်မှတ်ထိုးခဲ့တယ်။ အဲဒါပြီးတော့ ပထမအကြိမ် ပေးရမယ့် ငွေက ရက်ကျော်နေပြီ။ မပေးဘဲ ရှောင်နေတယ်။ ဒါကြောင့် အခုလို အမှုဖွင့်ရတာ ဖြစ်တယ်” ဟု ချေးငွေပြန်လည်ရယူလိုသည့် အမှုဖွင့်ထားသော တရားလို ဦးစိုးလှိုင်က ဆိုသည်။
ထိုမင်းသမီးဇနီးမောင်နှံသည် ပြီးခဲ့သော ရက်ပိုင်း၊ လပိုင်းအတွင်းက ကွာရှင်းကြောင်းကြေညာစာကိုလည်း နိုင်ငံသိ ကြေညာခဲ့သူများလည်းဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။
ထို မင်းသမီးဇနီးမောင်နှံတို့ကို ငွေကျပ် သိန်း ၅၀၀၀ ချေးပေးခဲ့စဉ်က ထန်းပင်ချောင်ကျေးရွာနေ သက်သေ ဦးအုန်းကျော် ရှေ့မှောက်တွင် ယုံကြည်စွာဖြင့်ထုတ်ချေးပေးလိုက်ခြင်းဖြစ်ကြောင်း၊ လူမှုရေးအရ အကြိမ်ကြိမ်တောင်းခံသော်လည်း ပေးဆပ်ခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီ ၁၂ရက်တွင် ကာယကံရှင် ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုး အနေဖြင့် အင်းတကော်ရဲစခန်းသို့သွားရောက်၍ တရားလိုပြုကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအပေါ် အင်းတကော်နယ်မြေရဲစခန်းက (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။