၁၇.၂.၂၀၂၃.
translated by Htwe Ko Tun
ကုလသမဂ္ဂ၏ ရံပုံငွေလိုငွေပြလာမှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များသို အစားအစာထောက်ပံ့နေမှုကို သိသာစွာဖြတ်တောက်ရန်စီစဉ်လျက်ရှိကြောင်း သိရရာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်အသိုင်းအဝိုင်းလည်းဖြစ်သည့် ဘင်္ဂါလီဒုက္ခသည်များမှာ အစားအစာမလုံလောက်မှုနှင့် အာဟာရဓာတ်မပြည့်ဝမှုတို့ကို ပိုမိုရင်ဆိုင်လာရနိုင်ကြောင်း အေဂျင်စီအဖွဲ့များက ဖေဖော်ဝါရီ ၁၇ ရက်တွင် သတိပေးခဲ့သည်။
၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟု အမည်ခံခဲ့ကြသော ဘင်္ဂါလီမျိုးနွယ်စုများက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြရာမှ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇၃၀,၀၀၀ ခန့် ပြန်လည်ထွက်ပြေးလာသည်ဟုဆိုသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီလူမျိုးဒုက္ခသည်တစ်သန်းနီးပါး တဲအိမ်များအတွင်း နေထိုင်နေကြသည်ဟုလည်း သိရသည်။
ကမ္ဘာ့အစားအစာအစီအစဉ်(WFP) က အလှူငွေများကို အခြားသောကိစ္စရပ်များအတွက်လည်း မျှဝေသုံးရ၍ ၎င်းအနေနှင့် ဘင်္ဂါလီဒုက္ခသည်တစ်ဦးကို အစားအစာ ၁၂ ဒေါ်လာဖိုးထောက်ပံ့နေရာမှ မတ်လမှစပြီး ၁၀ ဒေါ်လာဖိုးသာထောက်ပံ့မည်ဟု ပြောခဲ့သည်။
ထိုကဲ့သို့ စားနပ်ရိက္ခာဖြတ်တောက်မှုက ဘင်္ဂါလီတို့အနေဖြင့် အလုပ်အကိုင်များရရန် ထင်ရာစိုင်းဆောင်ရွက်မှုများကို ဖြစ်လာစေနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မဟာမင်းကြီး မိုဟာမက် မီဇာနူရာမန်က ပြောကြားခဲ့သည်။ ဘင်္ဂါလီတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝင်ငွေရရှိရေးအတွက် အလုပ်လုပ်ကိုင်မှုအား တားမြစ်ထားပြီး ၎င်းတို့အား ဒုက္ခသည်စခန်းများမှ ထွက်မပြေးနိုင်အောင်လည်း ဘင်္ဂါလီဒုက္ခသည်စခန်းများကို ခြံစည်းရိုးများခတ် တည်ဆောက်ထားသည်။
သို့သော် ဘင်္ဂါလီတို့က ဒုက္ခသည်စခန်းများမှ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ကြီးမားသောဘေးအန္တရာယ်များ၊ တစ်ခါတစ်ရံ ပင်လယ်တွင်းစက်လှေမှောက်၍ အစုလိုက်အပြုံလိုက်သေကြခြင်း စသည်တို့ကဲ့သို့ ဖြစ်ရပ်များကြားမှပင် ထွက်ပြေးလျက်ရှိကြသည်။
Ref—–Bangkok Post