၁၇. ၂. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တာ့ခ်ခရိုင်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သည့် ဒေါက်တာ စင်သီယာမောင်သည် ဖေဖော်ဝါရီ ၁၅ ရက်က မဲဆောက်ခရိုင်ရုံးသို့ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခဲ့ကြောင်း သိရသည်။
ဒေါက်တာ စင်သီယာမောင်သည် ကရင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး နယ်စပ်ဒေသရှိ လူနာများအတွက် ဆယ်စုနှစ် သုံးခုကျော်အကြာ ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်ကာ တောင်တန်းဒေသနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HADF) မှ ဝန်ထမ်းများနှင့်အတူ ထိုင်းနိုင်ငံသားများအဖြစ် လျှောက်ထားရန် တာ့ခ်ခရိုင် မဲဆောက်ခရိုင်ရုံးတွင် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၅ရက်) က လျှောက်လွှာတင်ခဲ့ကြောင်း Transborder News က ဖော်ပြခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်များကို နှစ်ပေါင်း ၃၀ ကျော် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ခဲ့သည့် ဒေါက်တာ စင်သီယာမောင်သည် နိုင်ငံတကာနှင့် ထိုင်း အေဂျင်စီအဖွဲ့များထံမှ အကူအညီများ ပိုမိုရရှိစေရန် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားရခြင်းဖြစ်သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် ၁၉၈၉ ခုနှစ်မှ စတည်တည်ထောင်ခဲ့ကာ ကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးခဲ့သည်မှာ ၃၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ တစ်နှစ်လျှင် လူနာ ပျမ်းမျှ ၃ သောင်းခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီလျက်ရှိပြီး ဘတ်ငွေ ၄၈ သန်းကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခဲ့သော်လည်း နှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံးမှ ပြည်သူများအား မည်သည့် နိုင်ငံသားဖြစ်သည် မခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည် ။
ဒေါက်တာစင်သီယာမောင်သည် ဆေးကုသရေးလုပ်ငန်းစဉ်များသာမက နယ်စပ်မှ ကလေးသူငယ်များအတွက် ကရင်၊ မြန်မာ၊ ထိုင်း နှင့် အင်္ဂလိပ်စာတို့ကို သင်ရိုးတစ်စိတ်တစ်ပိုင်းအဖြစ် သင်ကြားနိုင်ရန် မဲဆောက်ခရိုင်တွင် ကလေးသူငယ် ဖွံ့ဖြိုးရေးစင်တာတစ်ခုကို တည်ထောင်ခဲ့ကြောင်းလည်း သိရသည်။
Ref; Bangkok Post