၁၇. ၂. ၂၀၂၃
Written by Peya
ငါးခုမြောက် နိုင်ငံရေးပါတီအဖြစ် ရှမ်းပြည်နယ် လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်မည့် ပအို၀်အမျိုးသားအဖွဲ့ချုပ်(PNO) ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပါတီဆက်လက်တည်ထောင်ခွင့် လာရောက်လျှောက်ထားပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲရန် လျှောက်ထားသည့် ပါတီ ၂ ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် ပါတီ ၃ ခုရှိလာကြောင်း MT News က ဆက်သွယ်မေးမြန်းထားမှုများအရ သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
“ကျွန်တော်တို့ကတော့ ကိုယ့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာပဲ ရှမ်းပြည်နယ်အတွက်ပဲ တင်ထားတာပါ။ သက်တမ်းပြန်တိုးတဲ့ သဘောပါ။ ခါတိုင်း ကိုယ်ဝင်ပြိုင်တဲ့ နေရာကဝင်ပြိုင်မယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်ပါ” ဟု PNO မှ အတွင်းရေးမှူး (၃) ဦးခွန်တင်ထွန်းက MT News သို့ ပြောသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော PNO သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက်လျှောက်ထားသောပါတီမှာ ယခုပါတီနှင့် ဆိုလျှင် ပါတီ ၅ ခု ရှိနေပြီဖြစ်ကာ အဆိုပါ ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရန်လျှောက်ထားခဲ့ခြင်းဖြစ်ကာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ပဲခူးတိုင်းဒေသကြီးနှင့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) က ရန်ကုန်တိုင်းဒေသကြီးနှင့် PNO က ရှမ်းပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ကြမည် ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Machine (MEVM) နှင့် ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ဆန္ဒပြုစက် ( Ballonting Unit–Main, Extension )၊ ဆန္ဒပြုစက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက်အများအပြား ထုတ်လုပ်ရန် ပြင်ဆင်ရမည့်အချက်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။