၁၇. ၂. ၂၀၂၃
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးတွင် ရန်ကုန်ဆေးရုံကြီးမှအပြန် တက္ကစီသမားက အိပ်ငိုက်ပြီး ရပ်ထားသည့် ကွန်တိန်နာကားကို ဝင်တိုက်၍ ဆေးရုံလာပြသည့် လူငါးဦးဒဏ်ရာများရရှိခဲ့သည့်အနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရပ်ထားတဲ့ကားကို တက္ကစီကဝင်တိုက်တာ။ တက္ကစီကားသမားကတော့ ထွက်ပြေးသွားတယ်။ ကျန်တဲ့တက္ကစီပေါ်မှာ လိုက်လာတဲ့သူတွေက ရန်ကုန်ဆေးရုံကြီးကနေ ဆေးရုံလာပြပြီးပြန်လာတာ။ အမျိုးသမီးတစ်ဦးက သတိလစ်ပြီးတော့ နှာခေါင်းသွေးလျှံတယ်။ ကျန်တဲ့သူတွေက ဒဏ်ရာအနည်းငယ်ပဲရတာပါ။ လူနာတွေကိုတော့ အင်းစိန်ဆေးရုံသို့ ပို့ခဲ့ပါတယ်။ တက္ကစီသမားက အိပ်ငိုက်ပြီး ရပ်ထားတဲ့ ကွန်တိန်နာကားကို ဝင်တိုက်တာ” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၄ နာရီခွဲဝန်းကျင်တွင် အင်းစိန်မြို့နယ်၊ ဘုရင်နောင်လမ်းမကြီး၊ မြို့သစ် က/ခ (ဂ)ရပ်ကွက်၊ ရွှေဝါ (၂)လမ်း ထိပ်တွင် တက္ကစီနှင့် ကွန်တိန်နာကား Accident ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး မစိုးရိမ်ရနှင့် စိုးရိမ်ရဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးကို မြေပြင်တွင် ရှေးဦးပြုစုကုသမှုများ ပြုလုပ်၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။