၁၆. ၂. ၂၀၂၃
Written by Min Mahar
ကျေးလက်ဆေးပေးခန်း၌ရှိနေသော သားဖွားဆရာမသားအမိ ၂ ဦးအား သေနတ်ဖြင့်ပစ်သတ်ခံရမှု မြင်းခြံမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာရှိ ကျေးလက်ဆေးပေးခန်းတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ယနေ့နံနက် ၉ နာရီခန့်က အသက် ၆၃ နှစ်အရွယ် အငြိမ်းစားသားဖွားဆရာမနှင့် အသက် ၄၀ နှစ်အရွယ်ခန့်ရှိသော သားဖြစ်သူတို့ ၂ ဦးသည် ဆေးခန်းအတွင်း၌ရှိနေစဉ်အတွင်း ဆိုင်ကယ် ၂ စီးဖြင့် အကြမ်းဖက်သေနတ်သမား ၅ ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် သားဖွားဆရာမသည် ယာဘက်ကျောကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် သားဖြစ်သူတွင်လည်း ဝမ်းဗိုက်ကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ပြတ်ရှသွားသည့်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရုပ်အလောင်းများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၁ နာရီတွင် ပို့ဆောင်ထားရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့များလည်း ရောက်ရှိလာပြီး လိုက်လံစုံစမ်းစစ်ဆေးမှုများလည်းပြုလုပ်နေကြောင်းနှင့် အခင်းဖြစ်ရာအနီးမှ M-22 ကျည်ခွံ ၁၁ ခွံ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှစတင်ကာ ရဟန်းသံဃာ၊ သီလရှင်၊ ရပ်ကျေးနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ NLD ပါတီဝင်မဟုတ်သူများကို သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူစသည့် စွဲချက်များဖြင့် PDF များက လိုက်လံသတ်ဖြတ်မှုကြောင့် ယခုကာလအထိ ပြည်သူ ၅၅၀၀ အထက် သေဆုံးထားပြီး ထိုအထဲတွင် ကျန်းမာရေးဝန်ထမ်း ၂၀ ခန့်လည်း ပါဝင်သတ်ဖြတ်ခံထားရသည်။