၁၆. ၂. ၂၀၂၃
Written by Ye Kyaw
ငွေကြေးရရှိရေးနှင့် ဈေးကွက်ရရှိရေးက ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအတွက် အဓိကစိန်ခေါ်မှုဖြစ်နေသည့်အပြင် MSME လုပ်ငန်းရှင်အများစုက ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာများ အားနည်းလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့် MSME Development Dialogue “အခွင့်အလမ်းများမှသည် အောင်မြင်ခြင်းဆီသို့” ဆွေးနွေးပွဲတွင် ပြောသည်။
“ငွေကြေးရရှိရေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းအများစု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲကနေပြီးတော့ အဓိကကျတဲ့ အခက်အခဲတစ်ရပ်လည်းဖြစ်ပါတယ်။ ဘဏ်တွေကနေပြီးတော့ ငွေကြေးအရင်းအနှီးများကို မည်သို့မည်ပုံရယူနိုင်တယ်ဆိုတဲ့အပိုင်းက အင်မတန်မှအရေးကြီးပြီးတော့ ဘဏ်လုပ်ငန်းတွေအနေနဲ့လည်း MSME လုပ်ငန်းများရဲ့ လက်ရှိအခြေအနေနဲ့ ဘဏ်လုပ်ငန်းပိုင်းအနေနဲ့ ကူညီပံ့ပိုးပေးနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ MSME လုပ်ငန်းများ သေချာနားလည်သဘောပေါက်အောင် ဆွေးနွေးသွားဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ လက်ရှိကာလမှာ နိုင်ငံတော်ဘက်ကလည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်နေတာနဲ့အညီ MSME လုပ်ငန်းများအနေနဲ့လည်း ဒီလိုအချိန်အခါမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းဆောင်ရည်မြင့်တင်ပြီးတော့ လုပ်ငန်းတွေ တိုးတက်ဖို့အတွက်ကို အခွင့်အလမ်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့လိုအပ်ပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
ပြည်တွင်း MSME လုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေးနှင့် ထုတ်ပိုးမှုပိုင်းဆိုင်ရာကဏ္ဍတို့တွင် တိုးတက်မှုများရှိလာခဲ့သော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်ရရှိမှုတို့တွင် အဓိကရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။
“ထုတ်ကုန်တွေ အရည်အသွေး တော်တော်ကောင်းလာတယ်။ Idea တွေ တော်တော်ကောင်းလာတယ်။ ထုပ်ပိုးမှုတွေ တော်တော်ကောင်းလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာတွေ့လဲဆိုတော့ သူတို့မှာ ဈေးကွက်ရဖို့အတွက် ရုန်းကန်နေရဆဲ၊ ကြိုးစားနေရဆဲဆိုတာတွေ့ရပါတယ်” ဟု Myanmar Barcode Association ၏ ဒုဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀,၀၀၀ ကျော်က စီးပွားရေးကဏ္ဍ ၂၄ ခုတွင် အဓိကလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အစားအစာထုတ်လုပ်သည့်လုပ်ငန်းတွင် ရာခိုင်နှုန်း ၅၀ ကျော်အထိ အများဆုံးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။