၁၆. ၂. ၂၀၂၃
Written by Nay Moe
မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့် နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲလိုအပ်ချက်များနှင့် ပေါင်းစပ်လျက်ရှိသည့်ဒေသများအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ကြေညာသည်။
ကမ္ဘာ့ကုလသမဂ္ဂမှ လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော်၊ လူသုံးဦးတွင် တစ်ဦးခန့်သည် ယခု ၂၀၂၃ တွင် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကို လိုအပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ဤကဲ့သို့လိုအပ်ခဲ့သော လူဦးရေမှာ တစ်သန်းပင် မပြည့်ကြောင်းလည်း အမေရိကန်သံရုံးက ပြောသည်။
ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည် ဖြစ်သည်။ ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု သိရသည်။