၁၆. ၂. ၂၀၂၃
Written by Peya
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီချင်းပူးပေါင်းရန် ဆွေးနွေးမှုများရှိနေကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) ပါတီ၏ ဥက္ကဋ္ဌ ဦးစိန်ဝင်း က MT News သို့ အတည်ပြုသည်။
ဦးစိန်ဝင်းသည် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းကာလအတွင်း မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ကာ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကို ရာထူးကရပ်ဆိုင်းရန်အတွက်ဆွေးနွေးစဉ် ၎င်း၏ဆွေးနွေးချက်နှင့် ပတ်သက်၍ မိုက်ခရိုဖုန်းအပိတ်ခံရဖူးသူ ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရင်ဘတ်ချင်းတူသူများနှင့် အသိအားတူသူများနှင့် ပူးပေါင်းရန်အတွက် ပြင်ဆင်နေပြီး ယခုလကုန်ပိုင်းတွင် သိရမည်ဖြစ်ကြောင်း ဦးစိန်ဝင်းက ဆိုသည်။
“ပေါင်းတာကတော့ ပါတီအနေနဲ့ ပေါင်းမှာပေါ့။ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေအကုန်လုံး ချပြဆွေးနွေး သဘောထားယူပြီး ပေါင်းကြမှာကိုး။ ပေါင်းကြတဲ့အခါ သူ့ဘက်က လူရှိမယ်။ ကိုယ့်ဘက်လူ ရှိမယ်။ တကယ်လို့ပေါင်းမယ်ဆိုရင် ကျွန်တော်က ဘာလုပ်မလဲဆိုတော့ ကျွန်တော်တိုင်းတစ်တိုင်း အပိုင်တစ်ခုတော့ ယူထားမယ်လေ။ ပဲခူးတိုင်းဘက်ကို ယူထားတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ပါတီငယ်ချင်းပူးပေါင်းရန် ကမ်းလှမ်းမှုများရှိသည့်အပေါ် ရွေးချယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဦးစိန်ဝင်းက ထည့်သွင်း ပြောကြားသည်။
“ပေါင်းတာက လွယ်ပါတယ်။ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးဆို ရှိတဲ့သူနဲ့ ပေါင်းလိုက်မယ်ဗျာ။ ကျွန်တော့်မှာ လူအင်အားမရှိဘူးဆို ရှိတဲ့သူနဲ့ ပေါင်းလိုက်မယ်ဗျာ။ ပေါင်းပြီးတော့မှ ရေလယ်ခေါင်ကျမှ ဟောဗျာဆိုရင် ဘယ်လို လုပ်မလဲ” ဟု ၎င်းက ဆိုသည်။