၇. ၁၀. ၂၀၂၂
Written by Tha Doe
၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက် NLD အစိုးရဟောင်းလက်ထက်တွင် ဖျက်သိမ်းခံလိုက်ရသည့် အာရှရန်ကုန်ဘဏ်တွင် ငွေအပ်နှံခဲ့သူများအနေဖြင့် အမြန်ဆုံးလာရောက်ထုတ်ယူရန် အောက်တိုဘာ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
တရားရုံးအမိန့်ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းဆဲဖြစ်သည့် အာရှရန်ကုန်ဘဏ်တွင် ငွေအပ်နှံခဲ့သူများအနေဖြင့် အပ်နှံထားသည့်ငွေများနှင့် စပ်လျဉ်း၍ ခိုင်လုံသော သက်သေခံအထောက်အထားများကို ယူဆောင်၍ အမှတ်(၃၁၉/၃၂၁)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး (သို့မဟုတ်) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဒေါ်နှင်းစုမွန်၏ အီးမေးလ် လိပ်စာ [email protected] သို့ နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား တင်ပြရန် အကြောင်းကြားထားပြီး အဆိုပါရက်ကျော်လွန်ပါက အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသောငွေများ ပြန်လည်တောင်းဆိုပိုင်ခွင့်ရှိတော့မည်မဟုတ်ကြောင်းလည်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အသိပေးထားသည်။
အာရှရန်ကုန်ဘဏ်အား NLD အစိုးရဟောင်းဖျက်သိမ်းစဥ်က အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်း တိုးမြှင့်ရန် အဆိုပြုငွေအပေါ် စစ်ဆေးရာ အဆိုပါငွေမှာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားမရှိသည့်အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးသည့် အထောက်အထားများတွင် ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာ အခွန်ဆောင်ထားပြီး တရားဝင်ရငွေဟု ယူဆ၍မရသည့် အထောက်အထားများ ပါဝင်သည့်အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထိုအချိန်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ၂၀၂၀ ပြည့်နှစ် မတ် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာသို့ ဖြေခဲ့ဖူးသည်။
ထို့အပြင် အာရှရန်ကုန်ဘဏ်ကို စတင်တည်ထောင်ခဲ့ချိန်တွင် မြန်မာနိုင်ငံသားအမည်ခံများနှင့် ထူထောင်ခဲ့သည်ဆိုသည့် အထောက်အထားများ တွေ့ရှိခဲ့ရသည့်အတွက် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဘိုဘိုငယ် (လက်ရှိတွင် အရေးယူထိန်းသိမ်းခံနေရသူ ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း)က “ အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ် မတ် ၁၇ ရက်မှာ ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ လိုင်စင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရရှိတဲ့အထောက်အထားတွေအရ ဘဏ်ကို စတင်တည်ထောင်ခဲ့ချိန်မှာ မြန်မာနိုင်ငံသား အမည်ခံတွေနဲ့ ထူထောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း တွေ့ရှိရတဲ့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပြင် တခြားတည်ဆဲဥပဒေတွေနဲ့လည်း ငြိစွန်းနေပါတယ်။ ဒါတွေကတော့ ဥပဒေကြောင်းအရ လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ရုံးချုပ်နဲ့ ဘဏ်ခွဲ ၁၂ ခု နဲ့သာ လုပ်ငန်းဆောင်ရွက်နေခဲ့ပါတယ်” ဟု ထိုအချိန်က ဖြေခဲ့သည်။