၁၅. ၂. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်း၌ YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှင့် ပြင်ပရွှေဈေးနှုန်းများ တူညီလာအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးချိန်တွင် ဂျပန်နိုင်ငံသို့ ရွှေထည်ပစ္စည်းများ တင်ပို့နိုင်ရေး ဂျပန်ကုမ္ပဏီတစ်ခုနှင့် YGEA တို့ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဂျပန်ကုမ္ပဏီတစ်ခုနှင့် ရန်ကုန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) တို့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဆွေးနွေးခဲ့ကြောင်း YGEA မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်တွင်း၌ YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းနှင့် ပြင်ပရွှေဈေးနှုန်းသည် တူညီမှုမရှိဘဲ ယနေ့တွင် YGEA သတ်မှတ်ရည်ညွှန်းရွှေဈေးထက်ပင် ပြင်ပရွှေဈေးသည် ကျပ်ခုနစ်သိန်းခန့် ကွာဟမှုရှိနေသည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းနေသောကြောင့် YGEA သတ်မှတ်ရည်ညွှန်း ရွှေဈေးများ လျှော့သတ်မှတ်ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၁၇၀,၀၀၀ ကျော်သာရှိသော်လည်း ပြင်ပရွှေဈေးသည် ကျပ် ၂,၈၆၀,၀၀၀ ကျော်အထိ အမြင့်ဈေးဖြင့် ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။