Written by Tha Doe
အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ရန် နွေစပါးဧက၈ ဒသမ ၅ သိန်းအတွက် တစ်ဧက ကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေ စီစဥ်ပေးမည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၆ ရက်တွင် ကျင်းပသည့် မြန်မာ့ဆန်စပါးညီလာခံ- ၂၀၂၂ ပထမနေ့အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
လာမည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကိုကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံ အတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထားသည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရိတ်သိမ်းချိန်မတိုင်မီ စိုက်ပျိုးထုတ်လုပ်မှု (Pre-Harvest) ကဏ္ဍတွင် တောင်သူလယ်သမားများ အတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်များ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို မျိုးအရေအတွက် နည်းနည်း ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးစေရေး၊ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် စပါးမျိုးများကို စနစ်တကျရွေးချယ်ပြီး၊ စိုက်ပျိုးရာတွင်လည်း ဒေသ အလိုက် ဇုန်များသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများအကြား အကျိုးတူလယ်ယာ စနစ် (Contract Farming)ဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်ပြီး ဝင်ငွေ တိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီးများ ထူထောင်ပြီး တန်ဖိုးကွင်းဆက် (Value Chain)တစ်လျှောက် စနစ်တကျထိရောက်စွာ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရန်လည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရိတ်သိမ်းချိန်လွန် (Post-Harvest) ကဏ္ဍတွင်လည်း စပါးအရည်အသွေး ထိန်းသိမ်းနိုင်ရေးအတွက် စပါးအခြောက်ခံစက်များ တိုးမြှင့်ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရှိသည့် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆန်စက်များ တိုးတက်များပြားလာစေရေး၊ အရည်အသွေးကောင်းဆန်များကို အရေ အတွက် ပိုမိုထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက်ကို တိုးတက်တင်ပို့နိုင်ရေး၊ ဆန်စပါး ကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများ ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
တစ်ဧကလျှင် ကျပ်နှစ်သိန်းဖြင့် အထူးချေးငွေထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူအားလုံးက အကျိုးရှိစေရေး စနစ်တကျပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများ ထွက်ရှိ ရန်လိုသကဲ့သို့ ထွက်ရှိလာသည့်စပါးကို ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့်အတန်းမီသည့် ဆန်များရရှိရန် လိုအပ်သည်ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဈေးနှုန်းဈေးကွက် (Price Market)နှင့် အရည်အသွေးဈေးကွက် (Quality Market) ဟူ၍ ဈေးကွက်နှစ်မျိုးရှိရာတွင် မြန်မာနိုင်ငံအနေဖြင့် ကြိတ်ခွဲထုတ်လုပ်မှု အပိုင်းတွင် ခေတ်မမီသည့် အတွက်ကြောင့် ရှေးယခင်ကတည်းကပင် ဈေးကောင်း မရရှိသည့် တန်းနိမ့်ဆန်များကို ဦးစားပေးတင်ပို့ခဲ့ရသည့် အခြေအနေမှ ယနေ့ကာလ တွင် အရည်အသွေး ပိုမိုကောင်းမွန်သည့်ဆန်များကို တိုးမြှင့်တင်ပို့လာနိုင်သည့် အခြေအနေကို စတင်ပြောင်းလဲရောက်ရှိလာသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းကဆိုသည်။
ယနေ့ ဆန်စပါးလုပ်ငန်းတွင် ဆန်အရည်အသွေးနှင့်ပတ်သက်၍ ကြုံတွေ့နေရသော ပြဿနာများဖြစ်သည့် ဆန်နီစပါးများခြင်း၊ မျိုးရောနှောခြင်း၊ မျိုးကွဲများပြား ခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူများအတွက် ဆွဲဆောင်မှုအားနည်းခြင်း၊ ဆန်အရောင်အသွေးမလှပခြင်း၊ ဆန်အရည်အသွေး အားနည်းခြင်းများသည် ဈေးကွက်ကိုများစွာ ထိခိုက်စေသည်။ ထို့ကြောင့် အဆိုပါ စိန်ခေါ်မှုများကို စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းက ပြုပြင်ပြောင်းလဲရမည့် ဆောင်ရွက်မှုများ လိုအပ်သလို ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းကလည်း ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ဆောင်ကြမယ်ဆိုပါက မြန်မာ့ဆန် ဈေးကွက်ဝင်ရောက်မှုသည် သိသာစွာ တိုးတက်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။