MT News
Written by Nay Aung
ထိုင်းနိုင်ငံ ဖူးခက်ပင်လယ်ပြင်အတွင်း သီတင်းပတ်သုံးပတ်ကျော်ကြာ ပျောက်ဆုံးနေသော မြန်မာနိုင်ငံသား ၃ ဦး လိုက်ပါသွားသည့် Sor Sakulphet အမည်ရှိ ထိုင်းငါးဖမ်းသင်္ဘောကို ဖူးခက်မြို့အနောက်ပိုင်း ရေမိုင် ၄၀ နီးပါးတွင် ပြန်လည်တွေ့ရှိခဲ့ပြီး မြန်မာနှင့် ထိုင်း ငါးဖမ်းသမားအားလုံးအသက်ရှင်သန်ခဲ့ကြောင်း ထိုင်းရေတပ် တပ်ဖွဲ့က ပြောသည်။
ထိုင်းရေတပ်သည် အဆိုပါ ငါဖမ်းလှေကို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေချိန်ကတည်းက ပင်လယ်ပြင်တွင် ရှာဖွေခြင်းများအပြင် ရဟတ်ယာဉ်များဖြင့် ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ရှာဖွေချိန်အတွင်း ငါးဖမ်းသင်္ဘောကို ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသား Rung Khamluewong ဦးဆောင်လိုက်ပါခဲ့သော Sor Sakulphet အမည်ရှိ ငါးဖမ်းသင်္ဘောသည် ငါးဖမ်းရန်အတွက် ပြီးခဲ့သောဇန်နဝါရီ ၁၉ ရက်နေ့က ဆိပ်ကမ်းမှထွက်ခွာခဲ့ပြီး နောက်ပိုင်းကတည်းက အဆက် အသွယ်မရဘဲရှိနေခဲ့သည်။ အဆိုပါ ငါးဖမ်းသင်္ဘောပေါ်တွင် ထိုင်း နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားသုံးဦးတို့ လိုက်ပါသွားခဲ့ပြီး အဆက်အသွယ်မရသည့်အတွက် ထိုင်းအာဏာပိုင်များထံ Rung Khamluewong ၏ဇနီးဖြစ်သူက အကြောင်းကြားခဲ့သည်။ ထို့နောက် အဆက်အသွယ်မရသည့် အဆိုပါပင်လယ်အတွင်းရှိ ငါးဖမ်းလှေကို အကူအညီပေးနိုင်ရန် စစ်ဘက်သုံးရဟတ်ယာဉ်ကို စေလွှတ်ပေးထားကြောင်း ထိုင်းရေတပ် တပ်ဖွဲ့က ပြောသည်။
ထို့နောက် ထိုင်းရေတပ်တာဝန်ရှိသူများက လိုက်လံရှာဖွေရာ သီတင်းပတ်သုံးပတ်အကျော်တွင်မှ ပြန်လည်တွေ့ရှိခဲ့ပြီး ထိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဖူးခက်မြို့ လူမူကယ်ဆယ်ရေးဌာနတာဝန်ရှိသူများနှင့် ဖူးခက်မြို့အလုပ်သမားနှင့် လူမူဖူလုံရေးဌာနတာဝန်ရှိသူများသည် ငါးဖမ်းလှေကို ပြန်လည်တွေ့ရှိသည့်အကြောင်းနှင့် ငါးဖမ်းလှေပေါ်တွင် လိုက်ပါသွားသူအားလုံး အသက်ရှင်နေသည့်အကြောင်းကို မိသားစုထံ သတင်းကောင်းပြောဆိုခဲ့ကြောင်းထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါငါးဖမ်းလှေကို ပြန်လည်တွေ့ရှိခြင်းကြောင့် မိသားစုဝင်များ၏ မျှော်လင့်ချက်များ ဆုံးရှုံးတော့မည်မဟုတ်ကြောင်းထိုင်း အစိုးရတာဝန်ရှိသူများကပြောသည်။
ref – thephuketnews