၁၅. ၂. ၂၀၂၃
Written by Thettant
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF များက ဗုံးပစ်လောင်ချာ၊ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် PDF အဖွဲ့များသည် ခေါပြင်ချောင်းတံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင် ရှင်အာသဖ (၁၄)နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ် နှင့် မောင်ဝေလင်းအောင် (၁၄)နှစ် တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအတွင်းသို့ PDF များက ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့ နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ) ဦးဝင်းအောင်သန်း(၄၀)နှစ်တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အအုံနှင့် လူနေရပ်ကွက်များ အတွင်းသို့ ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦးတို့အား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။