၁၄. ၂. ၂၀၂၃
Written by Min Mahar
မွေးလူနာကို ဆေးရုံသို့ သွားပို့ပြီး ပြန်လာသည့် လူမှုကူညီရေးယာဉ်ကို PDF အဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ထိုနေရာတွင် PDF များက သတ်ဖြတ်ထားသည်ဟု ယူဆရသော အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားသည် အသက် ၃၁ နှစ်အရွယ် အမျိုးသားယာဥ်နောက်လိုက်တစ်ဦးမှ လိုက်ပါပြီး စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ လူမှုကူညီရေးအသင်းပိုင် ALPHARD အမျိုးအစားအဖြူရောင်ယာဥ်ဖြင့် တစ်ရွာတည်းနေ မွေးလူနာအမျိုးသမီးအား မန္တလေးဗဟိုအမျိုးသမီးဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး ပြန်လာစဥ် မတ္တရာမြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၉/၆ နှင့် ၁၉/၇ အကြား၊ သန့်ဇင်စက်သုံးဆီဆိုင်အနီးအရောက်တွင် PDF အဖွဲ့အမျိုးသား ၈ ဦးခန့်က လူမှုကူညီရေးအသင်းပိုင်ယာဥ်အား တားဆီးခဲ့သည့်အတွက် ယာဥ်မောင်းမှရပ်တန့်ပေးစဥ် တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း၏ ယာဘက်လက်မောင်းကို ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၂ ချက်ရရှိခဲ့မှုကြောင့် ကြောက်လန့်ပြီးမောင်းနှင်ထွက်ပြေးရာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်ထွက်ပြေးစဥ် PDF များမှ ထပ်မံပစ်ခတ်မှုကြောင့် ယာဥ်တွင်ရှေ့လေကာမှန်ကို ကျည်ဖောက်ဝင် ၃ ချက်၊ ယာဥ်၏နောက်မှန်ကို ကျည်ဖောက်ဝင် ၂ ချက်၊ ယာဥ်၏နောက်ပိုင်းကို ကျည်ဖောက်ဝင် ၈ ချက်၊ ယာဥ်၏ ယာဘက်ဘီးကျည်ထိမှန် ၁ ချက်၊ ယာဥ်၏ ယာဘက်တံခါးကို ကျည်ထိမှန် ၁ ချက်နှင့် ယာဘက်နောက်ကြည့်မှန်ကိုလည်း ကျည်ထိမှန် ၁ ချက်၊ စုစုပေါင်း ကျည် ၁၆ချက်ထိမှန်ခဲ့ကြောင်း သိရသည်။
“လူနာပို့တဲ့ကားကို သေနတ်တွေနဲ့ အဲဒီလောက်ထိတောင် ပစ်တယ်ဆိုကတည်းက အကြမ်းဖက်မှုက တော်တော့်ကိုအစွန်းရောက်သွားပြီ။ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာတော့ မလုပ်သင့်ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ယာဉ်မောင်းသည် နံနက် ၂ နာရီ ၁၀ မိနစ်တွင် မတ္တရာမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ရောက်ရှိခဲ့ပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ မတ္တရာမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ လုံခြုံရေးတာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် လူမှူကူညီရေးယာဥ်အား သေနတ်ဖြင့်ပစ်ခတ်သည့်နေရာ၌ မတ္တရာမြို့နယ်၊ ကန်ဖြူကျေးရွာနေ အသက် ၄၉ နှစ် အရွယ် ထင်းရောင်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသားအား အဆိုပါ PDF အဖွဲ့ အမျိုးသား ၈ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် ဓားဖြင့်ပါထိုးခဲ့သောကြောင့် ဦးခေါင်းဝဲဘက်ခြမ်းကို ပြတ်ရှသွားသည့်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးကို ထိုးသွင်းထားသည့်ဒဏ်ရာ ၂ ချက်၊ လည်ပင်းဝဲဘက်ခြမ်းကိုလည်း ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ယာပါးကိုကျည်ဖောက်ဝင်သောဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိကာ သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။