၁၄. ၂. ၂၀၂၃
Written by Ye Kyaw
၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှ စတင်၍ နယ်စပ်မှတင်ပို့သည့် ဆန်နှင့်ဆန်ကွဲများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးဖြင့် ရောင်းချရမည်ဖြစ်သောကြောင့် ဆန်နှင့်ဆန်ကွဲ တစ်အိတ်တင်ပို့တိုင်း လက်ရှိဝင်ငွေထက် ကျပ်တစ်သောင်းခန့် ဆုံးရှုံးနိုင်ပြီး နယ်စပ်ပို့ကုန်သမားများအတွက် နစ်နာမှုများရှိလာနိုင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
“တရုတ်-မြန်မာနယ်စပ်မှာ ဒီနေ့အထိတော့ ပို့ကုန်ရငွေ တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ပေးထားတယ်။ ဥပမာ တရုတ်ပြည်ကို ဆန်ရောင်းလိုက်လို့ ယွမ် ၁၀၀ ရတယ်ထားပါတော့ အဲဒီယွမ် ၁၀၀ ကို အပြင်မှာ မည်သည့်ကြိုက်တဲ့ဈေးနဲ့မဆို လဲလှယ်ခွင့်ရှိတယ်။ ဒီနေ့ဆိုရင် တရုတ်ငွေတစ်ယွမ်ကို လိုင်စင်ချထားတဲ့ ပုဂ္ဂလိကဘဏ် ငါးခုနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ သွားလဲမယ်ဆိုရင် ၄၂၆ ကျပ်ရမယ်။ ဒီလကုန်ပြီးတဲ့ နောက်ပိုင်းမှာ ပို့ကုန်ရငွေတန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဖြတ်မယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရှိတယ်ဆိုပြီးလာတယ်။ အဲဒါဘာလဲဆိုတော့ တရုတ်ကို ဆန်ရောင်းလို့ ယွမ်ငွေ ၁၀၀ ရရင် ရတဲ့ယွမ်ငွေ ၁၀၀ ထဲက ၆၅ ယွမ်ကို ဗဟိုဘဏ်သတ်မှတ်ဈေး ၃၀၈ ကျပ်နဲ့ပဲ လဲခွင့်ရှိတာ။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကတော့ အဲဒီနေ့ပေါက်ဈေးပေါ့။ ၄၂၆ ကျပ်နဲ့ သုံးစွဲခွင့်ရှိတယ်။ ဒါကြောင့် ဆန်တစ်အိတ်၊ ဆန်ကွဲတစ်အိတ်ကို ရောင်းလိုက်တိုင်း ၆၅ ရာခိုင်နှုန်း/၃၅ ရာခိုင်နှုန်းနဲ့ဆို ကျပ်တစ်သောင်းလောက် နစ်နာသွားလိမ့်မယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက MT News သို့ ပြောသည်။
အဆိုပါ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်း/ ၃၅ ရာခိုင်နှုန်းအချိုးကျ ဆောင်ရွက်မှုသည် လက်ရှိကျပ်ကျပ်တည်းတည်း အခြေအနေများဖြင့် နယ်စပ်မှဆန်နှင့်ဆန်ကွဲ တင်ပို့နေရသည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ယခင်ထက်နစ်နာဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း သိရသည်။
“သတင်းအတိအကျရထားတာက ဖေဖော်ဝါရီလကုန်လောက်တော့ စမယ်ပြောတယ်။ နဂိုတည်းကမှ ကျပ်ကျပ်တည်းတည်း လုပ်နေရတာကို အခုလိုသတ်မှတ်လိုက်တော့ တရုတ်-မြန်မာနယ်စပ်ကို ဆန်နဲ့ဆန်ကွဲပို့တဲ့ ကုန်သည်တွေအဖို့တော့ အရင်ထက်ပိုပြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးမင်းသိန်းက ပြောသည်။
တရုတ်-မြန်မာနယ်စပ်မှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် တရုတ်ယွမ်ငွေဖြင့် အဓိကဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်း/၃၅ ရာခိုင်နှုန်းအချိုးကို ပြောင်းလဲမည်ဆိုသည့် ထုတ်ပြန်ချက်တစ်စုံတစ်ရာကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုလုံးမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ထားပြီး ယင်းနက် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။