MT News
Written by A Thaung
မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ ကို နေပြည်တော်ရှိ MICC-2 ခန်းမတွင် အောက်တိုဘာ ၆ ရက်က စတင်ကျင်းပနေပြီး အောက်တိုဘာ ၇ ရက်တွင်လည်း ဆက်လက်ကျင်းပမည်ဟု အဆိုပါညီလာခံကို တက်ရောက်နေသည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အဖွဲ့ဝင်များက ပြောကြားသည်။
လက်ရှိ ကျင်းပနေသည့် မြန်မာ့ဆန်စပါးညီလာခံသို့ SAC ဥက္ကဋ္ဌ တက်ရောက်၍ အဖွင့်အမှာစကားပြောခဲ့သကဲ့သို့ ပြည်ထောင်စုအဆင့်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဆန်စပါးစိုက်ပျိုးရောင်းချခြင်းနှင့် ပတ်သတ်သည့်လုပ်ငန်းများကို နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသည်ဟု ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဝန်ကြီးတွေလည်းတက်ပါတယ်။ နောက်ထပ်တာဝန်ရှိသူတွေလည်း တက်ကြပါတယ်။ အဓိကအကြောင်းအရာကတော့ ပြည်ပကိုဆန်စပါးတင်ပို့တဲ့ ကိစ္စတွေ၊ ပြည်တွင်းမှာ ဆန် စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် မူဝါဒတွေအပြင် လတ်တလောမှာ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ အခက်အခဲတွေကို သက်ဆိုင်ရာဘက်ကနေ ဘယ်လိုလုပ်ပေးမယ်ဆိုတာတွေတော့ ဆွေးနွေးဖြစ်ကြပါတယ်။ အဓိကကတော့ ပြည်တွင်းစိုက်ပျိုးမှုနဲ့ စားသုံးမှုဖူလုံရေးပေါ့။ နောက်တစ်ခုက ပြည်ပကိုတင်ပို့တဲ့အခါ ကြုံရတဲ့အခက်ခဲတွေပေါ့။ ဒါတွေကို ပြောဖြစ်၊ တင်ပြဖြစ်ကြပါတယ်” ဟု အဆိုပါတာဝန်ရှိသူက MT News ကိုပြောကြားသည်။
အဆိုပါ ညီလာခံသို့ နိုင်ငံတော်အဆင့်တာဝန်ရှိသူများအပြင် ဆန်စပါးစိုက်ပျိုးသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးပညာရှင်အချို့အပါအဝင် လူဦးရေ ၇၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ဆန်စပါးလုပ်ငန်းမှာ ဖြစ်နေတဲ့အခက်အခဲတွေကို တာဝန်ရှိသူတွေဘက်က ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုဖြေလျော့မှုတွေလုပ်ပေးမယ်ဆိုတာကိုတော့ ပြောဖြစ်ကြပါတယ်” ဟု ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ပြောသည်။