၁၁. ၂. ၂၀၂၃
Written By Thandar
ခေတ်ပျက်ချိန်ကျမှ မင်းသမီးထလုပ်ရတဲ့သူမို့လို့ ရုပ်ရှင်ရုံကြီးကားတွေမှာ ငွေ Amount အရမ်းများတာမို့ တတ်သစ်စ မင်းသမီးဆိုရင် သိပ်ပြီးအခွင့်အရေးမရခဲ့ဘူးလို့ သရုပ်ဆောင် လီလီကျော်ခိုင်က ဖွင့်ဟလာပါတယ်။
“လီလီ့ ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေ ရှိပေမယ့် ၂ ကားလောက် ငြင်းလိုက်တာရှိပါတယ်။ လီလီက တကယ်တော့ အများကြီး သရုပ်ဆောင်ရသေးဘူးလေ။ တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် လီလီတို့သည် ဟိုးအရင်တုန်းကလို အခွေဆိုင်မှာ ဗီဒီယိုခွေငှားကြည့်ရတဲ့အထိ ခေတ်ကို မမီခဲ့ဘူး။ လီလီတို့က ခေတ်ပျက်ချိန်မှ မင်းသမီးထလုပ်တဲ့သူဆိုတော့ ရုံကြီးကားတွေမှာ ငွေ Amount အရမ်းများတော့ တတ်သစ်စ မင်းသမီးဆိုရင် သိပ်ပြီး အခွင့်အရေးမရခဲ့ဘူး။ လီလီတို့ဆီကို အခွင့်အရေးအများကြီး မလာတဲ့အတွက် ကိုယ့်မှာ ရွေးချယ်စရာဆိုလည်း အများကြီးမရှိပါဘူး။ နောက်ပိုင်းလာတဲ့အထဲက ကိုယ်မကြိုက်တဲ့ဇာတ်အိမ်ဆို မလုပ်ဖြစ်ဘူး။ အများကြီးတော့ရွေးချယ်ခွင့်မရှိပါဘူး” လို့ သူမက ဆက်ပြောပါတယ်။
သူ့မ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး ၇ ကားရှိပေမယ့်လည်း “ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး” ရုပ်ရှင်ကားတစ်ကားပဲ ရုံတင်ပြသခဲ့ရသေးတာဖြစ်ပါတယ်။
25 % ၊ မဖဲဝါ ၊ ခေါ်သံ စတဲ့ တချို့ ရုပ်ရှင်ကားတွေ ရှိနေသေးသလို လက်ရှိဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ကမ်းလှမ်းတဲ့အထဲမှာ ဇာတ်ကား ၂ ကားတော့ ငြင်းလိုက်တယ်လို့ သိရပါတယ်။
လက်ရှိ ရင်ခုန်သံ FM ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီးတော့ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ တောင်ကြီးမှာ စတင်ရိုက်ကူးပုံဖော်မယ့် လေးပွင့်ဆိုင်အချစ်ဇာတ်လမ်း “မြူမှုန်ဝေးဝေး” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
“မြူမှုန်ဝေးဝေး ဇာတ်ကားမှာ ချယ်ရီဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ လီလီသရုပ်ဆောင်မှာပါ။ ချယ်ရီဆိုတဲ့ ရွာရဲ့ မီးအိမ်ရှင်မလေး ဆရာဝန်မလေးနေရာက သရုပ်ဆောင်ရမှာပါ။ ဆရာဝန်မလေးက လီလီနဲ့အကျွမ်းတဝင်ဖြစ်နေတဲ့ ကာရိုက်တာမဟုတ်ဘူး။ တကယ်ဆေးကုပေးရတဲ့ဇာတ်ဝင်ခန်းတွေပါတယ်။ ကိုကျော်ထက်အောင်ကို အသက်ကယ်လိုက်တဲ့အပိုင်းတွေရှိတော့ ဒါတွေနဲ့ပတ်သက်ပြီး လေ့လာနေတာရှိတယ်။ လီလီ ဆရာဝန်တွေနဲ့ လက်တွေ့သင်ဖို့ ရက်ချိန်းယူထားတာလည်းရှိပါတယ်” လို့ သူမက ဆက်ပြောပါတယ်။