MT News
ယနေ့နေ့လည်ပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၏ အရှေ့ဘက် အဝင်ပေါက်ကို ဗုံးပစ်ပေါက်ခံရပြီး ပေါက်ကွဲကာ လူ ၃ ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက် နေ့လည် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ ၆၈ လမ်းပေါ်ရှိ မန္တလာသီရိအားကစားကွင်း၏ အရှေ့ဘက်အဝင်ပေါက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူငယ် ၂ ဦး တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာပြီးအဝင်ပေါက်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြံရေးတပ်ဖွဲ့ဝင်များထံသို့ လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ပေါက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးသည် ဝဲဘက်ခြေထောက်နှင့် ယာဘက်မျက်ခုံးဒဏ်ရာအနည်းငယ်ရရှိပြီး အားကစားသိပ္ပံဝန်ထမ်းတစ်ဦးမှာ ဝဲဘက်ခြေထောက် ထိမှန်သောဒဏ်ရာ ၁ ချက်နှင့် အရပ်သားအမျိုးသားတစ်ဦး နောက်ကျောခါးရိုး ထိမှန်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ)များအသီးသီးရရှိခဲ့သောကြောင့် ၎င်းတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးကားဖြင့် ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကြပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ လက်ပစ်ဗုံးပစ်ပေါက်သူများအားဖမ်းဆီးရမိရေး အမှတ်(၁၁)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးလျှက်ရှိကြောင်းလည်း သိရသည်။