၁၁. ၂. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်းလိုအပ်ချက်အရ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ တိုးမြှင့်နေသည့်အတွက် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၁၉ စီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လည်းကောင်း၊ ပြည်တွင်း လိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဥ်ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဖေဖော်ဝါရီလတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော ၅၁ စီးအထိ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းများအား အချိန်နှင့်တစ်ပြေးညီဖော်ပြပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များသို့ အသိပေးထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ကုန်တင်သင်္ဘောအရေအတွက် ၆၅၀ ကျော် ဆိုက်ကပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပင်လယ်ရေကြောင်းမှကုန်သွယ်မှု ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်ပိုမိုဆောင်ရွက်ထားပြီး အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၉ ဘီလျံကျော်နှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၂ ဒသမ ၇ ဘီလျံကျော်ရှိသည်။