MT News
Written By Myo Khine
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်း၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲကို ဓားပြလာတိုက်သူမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးတည်းသာဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၀ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန်က လှိုင်သာယာ CB ဘဏ်ခွဲတွင် လူငယ်တစ်ဦးက သေနတ်ပြ၍ ၀င်ရောက်လာကာ ဘဏ် ကောင်တာရှိ ငွေကျပ်သိန်း ၅၀ ကို ယူဆောင်သွားကြောင်း ယင်းက ပြောသည်။
“သူက တစ်ယောက်တည်းလာတာ။ သေနတ်ပါတယ်။ သေနတ်ကို သူလွယ်လာတဲ့အိတ်မှာ ထည့်လာတာ။ အထဲရောက်တော့ထုတ်ပြီး မလှုပ်နဲ့ ဆိုပြီးခြိမ်းခြောက်တာပေါ့။ ဒါက ကျွန်တော်တို့လည်း စစ်ဆေးပြီးမှသိရတာ။ သေနတ်က အတုလား။ အစစ်လား မပြောတတ်ဘူး။ သိန်း ၅၀ က ကောင်တာမှာ ရှိနေတော့ အဲဒါကို ယူသွားတယ်။ လူငယ်ပါပဲ ၂၀ ကျော်လောက်ပဲ ရှိသေးတယ်။အခု ဖမ်းမမိသေးဘူး။ လုပ်ငန်းလုပ်ဆောင်တာတွေကို လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေကြတယ်”ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
အဆိုပါလူငယ်က ဘဏ်အတွင်းမှ ထွက်ကာ လမ်းဘေးတစ်နေရာအရောက်တွင် အငှားယာဉ်တစ်စီးဖြင့် ထွက်ခွာသွားကြောင်း မျက်မြင်များ၏ ပြောပြချက်ကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်၍ ယခုအခါ အမှုမှန်ပေါ်ပေါက်စေရန် လုပ်ဆောင်နေကြကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့လယ်ရှိဧရာဝတီဘဏ်ကို ဂျာနယ်ပို့သူလူငယ်တစ်ဦးက ကျပ်သိန်း ၁၀၀ လုယက်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ယင်းကပင် တစ်ဦးတည်း ဆိပ်ကမ်းသာလမ်း အောက်ဘလောက်ရှိ ကမ္ဘောဇဘဏ်ကို ကျပ်သိန်း ၂၀၀ ခန့် ထပ်မံ ဝင်ရောက်လုယက်ခဲ့ပြီး တာဝန်ရှိသူများနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးမှူလည်း ဖြစ်ပွားခဲ့သည်။