၁၀. ၂. ၂၀၂၃
Written By Myo Khine
CDM များကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေသော အေဂျင်စီတချို့ကို အထူးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးနေကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများစေလွှတ်ရန် MoU အရ အေဂျင်စီများ၏ တရားဝင်လုပ်သားများကို Passport ပြုလုပ်ခွင့်ပေးအပ်ခဲ့ရာတွင် CDM ဝန်ထမ်းများကိုပါ Passport လုပ်ပေးခဲ့ခြင်းကြောင့် စစ်ဆေးခံနေရခြင်းလည်းဖြစ်သည်။
“ဟုတ်တယ်လေ။ သူတို့ကို စစ်ဆေးနေတယ်။ မြဝတီမှာ ယာယီ Passport ရုံးရှိတယ်။ အဲဒီမှာ ပြည်ပထွက်ခွာမယ့်လုပ်သားတွေကို ခွဲတမ်းနဲ့ တစ်ပတ်ကို ဘယ်နှစ်ယောက်ဆိုတာ လုပ်ပေးခဲ့တာ ရှိတယ်လေ။ အခုကတော့ ပိတ်ထားပြီပေါ့။ ကုမ္ပဏီ ၁၄၉ ခု ရှိတယ်။ အဲဒီထဲမှာ ၁၃၃ ခုကနေ MoUတွေအတွက် Passport လုပ်ပေးတဲ့အထဲမှာ CDM တွေ ပါတယ်။ သိသိနဲ့လုပ်ပေးခဲ့တာကြောင့် အခု စစ်ဆေးနေတယ်။ ပေါ်ပေါက်တယ်ဆိုရင်တော့ လုပ်ငန်းရုတ်သိမ်းတာတွေ လုပ်နိုင်ပါတယ်။ အခုက ကုမ္ပဏီ ၁၃၃ ခုကို Black list သတ်မှတ်ထားပြီးပြီ။ စသုံးလုံးက ကိုင်တွယ်ပြီးစစ်နေတာ”ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းအေဂျင်စီ၏ မန်နေးဂျင်းဒါရိုက်တာ ရာထူးအဆင့်ရှိသူက MT News သို့ ပြောသည်။
ယခုအချိန် ပြည်တွင်း၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ရပ်နားထားသည့်အတွက် ပြည်ပသို့ ထွက်ခွာမည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းကတစ်ဆင့် ထွက်ခွာမှုများ များပြားနေသည်။ သို့သော်လည်း ထိုင်းနိုင်ငံအတွင်းရောက်ရှိပါက ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုလည်း ခံနေကြရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁ ရက်က စ၍ နစက တာဝန်ယူခဲ့ပြီးနောက် ရဲဝန်ထမ်းနှင့် စစ်သည် အပါအဝင် အစိုးရဝန်ထမ်းများ၊ပုဂ္ဂလိက ဝန်ထမ်းများ CDM ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စားဝတ်နေရေးပြဿနာများကြောင့် Non CDM ပြန်လည်ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
လက်ရှိတွင် CDM ပြုလုပ်နေဆဲ အရေအတွက်ကိုမူ တိတိကျကျ မသိရသော်လည်း CDM ပြုလုပ်သည့်အတွက် အခက်အခဲများကိုကြုံခဲ့ရသူ ကာယကံရှင်များက လူမှုကွန်ရက်တွင် Live လွှင့်၍ ပြောဆိုထားကြသည်များလည်း ရှိနေကြဆဲ ဖြစ်သည်။