၁၀. ၂. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ ဆာရာဝက်မြစ်အတွင်း ပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိနေသော မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားမီးသတ်နှင့် ရှာဖွေကယ်ဆယ်ရေးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကိုကျော်ခိုင်အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးသည် ဖေဖော်ဝါရီ ၈ရက်နေ့က ဆာရာဝက်မြစ်အတွင်းရှိ သင်္ဘောပေါ်တွင် အလုပ်လုပ်နေရင်း သင်္ဘောတွင်အသုံးပြုသောကြိုးနှင့်ရိုက်မိခဲ့ပြီး မြစ်အတွင်းကျရောက်သွားခဲ့ကြောင်း သိရသည်။ မလေးရှားမီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပြီးနောက် ကျော်ခိုင်၏ ရုပ်အလောင်းကို ၎င်းကျရောက်သွားသောနေရာမှ ၁ ဒသမ ၈ ကီလိုမီတာအကွာတွင် ပြန်တွေ့ခဲ့ကြောင်း ပြောခဲ့သည်။
မီးသတ်နှင့်ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မြစ်ထဲကျသွားသူရဲ့ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ပြီး နောက်ထပ်စစ်ဆေးမှုတွေလုပ်နိုင်ဖို့ ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးခဲ့တယ်” ဟု ပြောသည်။
အသက် ၂၈နှစ်အရွယ်ရှိ ကိုကျော်ခိုင်သည် မြစ်အတွင်းကျရောက်သွားချိန်တည်းက အခင်းဖြစ်ရပ်နေရာတွင်သေဆုံးခဲ့ရကြောင်း မလေးရှား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ နောက်ထပ်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံသား၏ရုပ်အလောင်းကို ဆာရာဝက်မြို့ဆေးရုံသို့ မလေးရှားရဲတပ်ဖွဲ့က လွှဲပြောင်းပို့ဆောင်ထားကြောင်း မလေးရှား သတင်းများကဖော်ပြကြသည်။
ကိုကျော်ခိုင်သည် ဖေဖော်ဝါရီ ၈ ရက်နေ့က ဆာရာဝက် မြစ်အတွင်းရှိ သင်္ဘာပေါ်တွင် မလေးရှားနိုင်ငံသားနှစ်ဦးနှင့်အတူ အလုပ်လုပ်နေချိန် ၎င်းတို့သုံးဦးသည် သင်္ဘောပေါ်မှကြိုးချည်ရန် ကြိုးပမ်းချိန်တွင် ကြိုးလုံးနှင့် ရိုက်မိခဲ့ပြီး မြစ်ထဲသို့ ကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံသား နှစ်ဦးအနက် တစ်ဦးက ခြေထောက်ကျိုးသွားခဲ့ပြီး အခြားတစ်ဦးက အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို လက်ရှိအချိန်တွင် ဆာရာဝက်ဆေးရုံ၌ ဆေးဝါးကုသပေးလျက်ရှိနေကြောင်း မလေးရှားအာဏာပိုင်များက ဆိုသည်။
မလေးရှားသတင်းရင်းမြစ်တစ်ဦးက မြန်မာနိုင်ငံသားတစ်ဦးနှင့်မလေးရှားနိုင်ငံသားနှစ်ဦးတို့သည် ဆိပ်ခံတံတားကို သင်္ဘောပေါ်မှကြိုးချည်ရန် ကြိုးပမ်းချိန်တွင် ကြိုးကရုတ်တရက်ပြုတ်ကျပြီး သုံးယောက်စလုံးကို ရိုက်မိခဲ့ကြောင်း၊ ကြိုးဖြင့်ရိုက်မိသည့်အတွက် မြစ်ထဲသို့ သုံးဦးစလုံး ကျသွားခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်သည် မတော်တဆဖြစ်ပွားသော ဖြစ်ရပ်မျိုးဖြစ်ကြောင်း ပြောခဲ့သည်။
ref -theborneopost