MT News
Written by Thettant
စစ်အုပ်ချုပ်ရေးမြို့နယ် ၃၇ မြို့နယ်အနက်တစ်ခုဖြစ်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CNF နှင့် CDF အဖွဲ့များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သလို ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေရကြောင်းလည်း ဖေဖော်ဝါရီ ၉ ရက်နေ့ ညတွင်ထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းတို့ကို ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီမှ စတင်ကာ ယနေ့နံနက်ပိုင်းအထိ CDF အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံဖြင့် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း CDF အဖွဲ့၏ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုများလာခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်၂ နာရီခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများ ရယူကာ စနစ်တကျဖြင့် ဆုတ်ခွာခဲ့ပြီး မြို့တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation) အတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို CNA-CDF အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်လေးဦးကျဆုံးပြီး CNA ဘက်မှ ဒုဗိုလ် ဆလိုင်းခုပ်ထန်းဆိုသူ တစ်ဦးသေဆုံးခဲ့သလို လက်နက် ၄၀ ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း NUG ကလည်း သတင်းထုတ်ပြန်ထားသည်။