MT News
နေပြည်တော် မြို့ရှောင်လမ်း ပိတောက်ချောင်းကျေးရွာနှင့် အောင်ကုန်းကျေးရွာအကြားတွင် တွဲကားနှင့် Suzuki Carry အဖြူရောင်ယာဥ် တိုက်မိပြီး Suzuki ယာဥ်ပေါ်ပါ လူ ၃ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကနဦးစုံစမ်းမှုအရ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိတောက်ချောင်းကျေးရွာနှင့် အောင်ကုန်းကျေးရွာအကြား ချောင်းဆောက်ရိုးတံတားအနီးတွင် Suzuki Super Carry အိမ်စီးကားနှင့် တွဲကား ခေါင်းချင်းဆိုင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကာ Suzuki Super Carry အိမ်စီးကား ခေါင်းခန်းတွင် လိုက်ပါစီးနင်းလာသော လူသုံးဦးမှာ ကားခေါင်းအတွင်း ညှပ်၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။
သေဆုံးသွားသော သုံးဦးအား အေလာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အေလာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်းများ စုပေါင်း၍ ကားခေါင်းအတွင်းမှ ဆွဲထုတ်ပြီး မိုးစေတနာ ပရဟိတအသင်း၊ မွန်မြတ်သူ လူမှုကူညီရေးအသင်း၊ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း အဖွဲ့တို့မှ နေပြည်တော် ကုတင် (၁၀၀၀)ဆံ့ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“လက်ရှိအချိန်မှာတော့ ဖြစ်စဥ်အသေးစိတ်ကို တာဝန်ရှိသူတွေက စုံစမ်းဆဲပါ။ သေဆုံးခဲ့သူသုံးဦးကို ကားခေါင်းခန်းထဲက ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရပေမဲ့ အခုအချိန်အထိတော့ ဘယ်သူဘယ်ဝါဆိုတာမသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။ မနက်ကျမှအသေးစိတ်ကြားသိရမှာပါ”ဟု ကူညီခဲ့သည့်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Post & Photo Credit Ko Hein Yar Zar