၁၀. ၂. ၂၀၂၃
Written by Ye Kyaw
ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုမရှိသည့် အစိုးရစီးပွားရေးလုပ်ငန်းများကို ရပ်တန့်ခြင်းထက် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်မှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)တွင် ပြောကြားသည်။
အစိုးရ၏ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝင်ငွေနှင့်အသုံးစရိတ် မျှတမှုမရှိသည့် လုပ်ငန်းများရှိနေပြီး ဝင်ငွေနှင့်သုံးငွေ မျှတမှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် စီမံခန့်ခွဲမှုလွဲမှားမှုများကြောင့် အချို့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး အချို့လုပ်ငန်းများသည် လုပ်ငန်း ဆောင်ရွက်နိုင်မှုမရှိသော်လည်း လစာငွေပေးချေထားရခြင်းများနှင့် ထိန်းသိမ်းမှုကုန်ကျ စရိတ်များ များစွာရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရပ်တန့်ထားသည့်စက်ရုံများသည် နိုင်ငံ့အတွက်အရှုံးများသာဖြစ်သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေးအတွက် မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများ မဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ဦးစီးခေါင်းဆောင်ရသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်သည့်လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။