၉. ၂. ၂၀၂၃
Written by Nay Moe
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပဲခူးမြို့ပေါ်ရှိ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပု ရပ်ကွက်တို့၌ လက်လုပ်မိုင်း ၅ လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးဖမ်းဆီးရာ ပဲခူး PDF အဖွဲ့ဝင်များ (ခုနစ်ဦး) ဖမ်းမိခဲ့ပြီး ထိုသူများကို စစ်ဆေးရာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်များပါ ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်ပါ တရားခံများအား ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး၌ ပဲခူးမြို့နယ်အတွင်း လက်လုပ်မိုင်းများ ဖောက်ခွဲခဲ့သည့် တရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် (၂၀)နှစ်၊ မောင်သက်(၂၃)နှစ်နှင့် ၎င်း၏ဇနီး ထားထားဝင်း (၂၃)နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော(၁၉)နှစ်တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ၎င်းငှားရမ်းနေထိုင်သည့် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၃)လမ်းရှိ နေအိမ်မှ အူဇီ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ ကျည် ၅၀ တောင့် တို့အားလည်းကောင်း၊ မောင်သက် နှင့် ထားထားဝင်းတို့၏ နေအိမ်မှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ C-4 ယမ်း ၅ ထုပ်၊ ဒီတိုနေတာ ၄ ချောင်း နှင့် လက်လုပ်မိုင်း ၃ လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ အလားတူ ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆိုချက် အရ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁)၊ သီးသန့်(၁)လမ်း၊ အမှတ်(သ/၂၂၇)ရှိ မျိုးတင့်၏ နေအိမ်၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ မျိုးတင့် (၅၅)နှစ် နှင့် ၎င်း၏ဇနီး ယဉ်ယဉ်ဌေး(၄၈) နှစ်တို့ ၂ ဦး အား M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆိုချက် အရ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းကြောင်းအခြေအနေကြည့်ရှုပေးသူ သူရိန်အောင်(ခ)အောင်သူ(၁၉)နှစ် အား ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု (၁၄)လမ်းရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထိုဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်နက် မျိုးစုံ ၄ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားခံများအား စစ်ဆေးရာ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည် ကဝ PDF အမည်ခံ ဖမ်းဆီးရန်ကျန်တရားခံ ကြာညို နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကဝမြို့နယ်၊ သက္ကလမြို့၊ ကန်တော် မင်္ဂလာရပ်ကွက်၌ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကပင် ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ကဝမြို့နယ်၊ ပေါက်ကုန်းကြီးကျေးရွာအုပ်စု၊ အေးရွာသစ်ကျေးရွာ အနီး၌ မမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် နှင့် ရစ်ကန်ကြီး ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဆန်းဝင်း တို့ ၂ ဦးအား လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
ထို့ပြင် ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် နှင့် မောင်သက်တို့ ၂ ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ကန်လမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံး၊ ရှင်စောပု ရပ်ကွက်၊ ဦးဘိုနီလမ်းရှိ ထရန်စဖော်မာအနီး၌ လက်လုပ်မိုင်း ၂ လုံး၊ ညောင်ဝိုင်း(မြောက်ပိုင်း)ရပ်ကွက်၊ ဈေးတန်းအနီး၌ လက်လုပ်မိုင်း ၁ လုံး အား ဖောက်ခွဲခဲ့သလို ငစော(ခ)မျိုးမြတ်မင်းစော နှင့် ဖမ်းဆီးရန်ကျန်တရားခံ ကုလားလေး တို့ ၂ ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၉)လမ်း၌ လက်လုပ်မိုင်း ၂ လုံး၊ ပုဏ္ဏားစုရပ်ကွက်၊ (၈)လမ်း၌ လက်လုပ်မိုင်း ၁ လုံးအား သွားရောက်ဖောက်ခွဲခဲ့ပြီး သူရိန်အောင် (ခ)အောင်သူ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့် ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ပဲခူးမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းများဖြင့် ထပ်မံ ဖောက်ခွဲရန် စီစဉ်လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။