◾Electronic Voting ဖြင့် မဲပေးနိုင်မည့်စနစ် MEVM အား UEC ကြိုးပမ်းနေပြီး SAC ဥက္ကဋ္ဌအား ယနေ့ရှင်းပြ
MT News
၉. ၂. ၂၀၂၃
လာမည့်ရွေးကောက်ပွဲများတွင် Electronic Voting စနစ်ဖြင့် မဲပေးနိုင်ရန် ကြိုးပမ်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နှစ်အတွင်း အသိပေးပြီးနောက် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Machine (MEVM) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်တွင် ကျင်းပနိုင်ဖွယ်ရှိသည့် PR ရွေးကောက် ပွဲတွင် Electronic Votingဖြင့်ပါ မဲပေးနိုင်ရေး ဥပဒေကိုပါ ပြင်ဆင် ဆောင်ရွက်နေကြောင်း SAC ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယမန်နှစ် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် နစက၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ဖူးသည်။
“ရွေးကောက်ပွဲတွေမှာ မဲပေးမယ်ဆိုရင် ဘယ်လိုစနစ်တွေနဲ့ မဲပေးမလဲပေါ့။ ဒါနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေမဖြစ်အောင် အရေးကြီးတဲ့ ဥပဒေမူဘောင်တွေ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ Electronic Voting လို ခေတ်မီနည်းစနစ်တွေ။ တိကျတယ်။ လွယ်ကူတယ်။ ပြီးတော့ ပယ်မဲတွေမရှိဘူး။ အမှားအယွင်းလည်းနည်းတယ်။ ဒီလိုစနစ်တွေကိုလည်း လိုအပ်ရင်အသုံးပြုနိုင်အောင် ထည့်သွင်းရေးဆွဲထားတာရှိပါတယ်။ ဥပဒေကတော့ ထွက်မလာသေးပေမဲ့ ရေးဆွဲထားတာရှိပါတယ်။ Electronic Voting ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်တို့တင်ပြသလိုပါပဲ။ ပယ်မဲလည်းမရှိဘူး။ လွယ်ကူတယ်။ တိကျတယ်။ မသမာမှုပြုလို့မရတာလည်းရှိတယ်။ ဒါကြောင့်မို့ ဒီစနစ်တွေကို သုံးချင်ရင်သုံးနိုင်အောင် ပြင်ဆင်စမ်းသပ်မှု လေ့လာမှုတွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်”ဟု ဦးခင်မောင်ဦးက ထိုစဥ်က ပြောကြားခဲ့သည်။
ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခြင်း၊ မဲရုံသို့သွားရောက်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် Electronic Voting ဖြင့် မဲပေးခြင်းကိုပါ ဆောင်ရွက်နေကာ မည်သည့်စနစ်ကို မည်သို့လုပ်ဆောင်ရမည်ဆိုသည့် ဥပဒေများ၊ ထုတ်ပြန်ချက်များကို ထုတ်ပြန်မည်ဖြစ်သကဲ့သို့ လုံလောက်သည့်အချိန်ယူပြီး မဲဆန္ဒရှင်များ ပါတီများဖြင့်ပါ တွေ့ဆုံအတည်ပြုသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲကို ဖျက်ဆီးတိုက်ခိုက်ရန်နှင့် ဝင်ရောက်ယှဥ်ပြိုင်မည့်အမတ်လောင်းများကို တိုက်ခိုက်သတ်ဖြတ်နိုင်မှုများ ကြုံလာနိုင်သည့်အတွက် Closed List PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် ရွေးချယ်ထားပြီး ထိုသို့ ၂၀၂၃ PR ရွေးကောက်ပွဲအား Closed List PR စနစ်ဖြင့် ကျင်းပမည်ဖြစ်၍ မဲပေးမည့်ပြည်သူများသည် ယခင်ကဲ့သို့ လူကိုရွေးချယ်ခြင်းထက် ပါတီကိုသာရွေးချယ်ရမည်ဖြစ်သည်။
လက်ရှိ လုပ်ဆောင်နေသည့် MEVM စနစ်တွင် အားနည်းချက်များအဖြစ် မဲပေးမှုလုပ်ငန်းစဉ်အတွက်ကြိုတင်စမ်းသပ်ခြင်းနှင့် အရန်ထားရှိရန် (12V/I4 Ah) ဘတ္ထရီအား အသုံးပြုမှ ပိုမိုသင့်လျော်ခြင်း၊ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးသူ ၂၀၀၀ ဦးနှင့် စမ်းသပ်စစ်ဆေးရန်အတွက် စက္ကူလိပ် (အလျား – ၁၁၀ မီတာ)ခန့်လိုအပ်ခြင်း၊ စက္ကူလိပ်အထူ ၅၅ ဂရမ် အောက်ကိုသာ သုံးစွဲသင့်ခြင်း(အရေအတွက်အများအပြား ထုတ်လုပ်မှုမစတင်မီ လက်ရှိအားနည်းချက်များအား ဖြည့်စွက်ပြီးအရေအတွက် အကန့်အသတ်တစ်ခုဖြင့် တည်ဆောက်ကာ လက်တွေ့ အသုံးပြု စမ်းသပ်ရန်လိုအပ်ခြင်း) စသည့် အားနည်းချက်များ ရှိနေကြောင်းလည်း သိရသည်။