၆. ၂. ၂၀၂၃
Written by Phyo Wei
အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားလိုမျိုးတောင် လုပ်နိုင်မဲ့ အလားအလာမမြင်ရဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့ဝန်ကြီးကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်သူ တက်ရောက်ဖို့ပဲ ဖိတ်ခေါ်တာကြောင့် ထုံးစံအတိုင်းပဲ SAC ကလည်း အာဆီယံဘာပြောပြော ပယ်ချတဲ့ ဒီရက်သတ္တပတ်မှာ လှုပ်ခတ်မှုအဖြစ်ဆုံးကတော့ ရွှေပြည်အေးမြို့သစ်ကို PDF တွေက သိမ်းထားပြီး တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောခဲ့မှုပါပဲ။ တပ်ဘက်ကလည်း ရဟတ်ယာဉ်ပစ်ချနိုင်ခဲ့ရင် ပုံတင်ပါလို့ ပြောခဲ့တဲ့ ဒီရက်သတ္တပတ်မှာတော့ တရားဝင်အစိုးရမဟုတ်လို့ ဘာလေယာဉ်ပစ်လက်နက်မှ မရဘူးလို့ ဝန်ခံတဲ့ NUG အကြောင်း၊ အဆင့်ကျလာတဲ့မြန်မာ့ဒီမိုကရေစီအကြောင်းနဲ့ ၆လ သက်တမ်းတိုးတဲ့ SAC အကြောင်းတွေကို တင်ပြချင်ပါတယ်။
“တရားဝင်အစိုးရမဟုတ်လို့ ဘာလေယာဉ်ပစ်လက်နက်မှ မရတဲ့ NUG”
NUG ဟာ ကမ္ဘာပတ်ပြီး လေယာဥ်ပစ်လက်နက်တွေ တောင်းခံနေပေမဲ့ ဘယ်နိုင်ငံကမှ လေယာဥ်ပစ်လက်နက်တွေ မပေးဘူးဆိုတာနဲ့ ဒီလိုမရတာက တရားဝင်အစိုးရမဟုတ်လို့ မရတာပါလို့ NUG ယာယီသမ္မတဒူဝါလရှီးလက ဝန်ခံလာပါတယ်။
“အခုအချိန်အထိ ကျွန်တော်တို့ကို နိုင်ငံတကာကနေ တုံ့ပြန်ပေးမှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ အသိအမှတ်ပြုခြင်း(Recognition) နဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကို တရားဝင်အဖြစ် (Legitimacy) သူတို့အနေနဲ့ မပေးသေးတဲ့အခါကျတော့ တရားဝင်အစိုးရအနေနဲ့ ပေးဖို့အခက်အခဲရှိမှာပါ။ သူတို့မပေးချင်လို့တော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ နောက်တစ်ခုက Geography အနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ချိန်ခွင်လျှာညှိမှုအပေါ်မှာလည်း သူတို့ အတော်စဉ်းစားနေတာရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တောင်းဆိုထားတဲ့အတိုင်း ဘာမှရလာတာ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း သူတို့စပြီးစဉ်းစားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်”လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက VOA သတင်းဌာနနဲ့ တွေ့ဆုံဖြေဆိုရာမှာ ဝန်ခံခဲ့ပါတယ်။
ဒီနေရာမှာ NUG ကိုသာ ကမ္ဘာ့နိုင်ငံတွေက တရားဝင်အစိုးရလို့လည်း အသိအမှတ်မပြု၊ လေယာဉ်ပစ်လက်နက်လည်း မပေးပေမဲ့ SAC ကိုတော့ တရားဝင်အစိုးရအဖြစ်သတ်မှတ်တဲ့ နိုင်ငံတကာရဲ့ ဆက်ဆံမှုတွေ၊ နည်းပညာနဲ့ငွေကြေးရရှိဖို့ ထောက်ကူနေတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ၆၀ ကျော်က ကူညီပေးနေတယ်လို့ Justice For Myanmar က ထုတ်ဖော်ခဲ့သလို SAC စစ်လက်နက်ရရှိရေးကို အမေရိကန်က ကုမ္ပဏီကြီးတွေအပါအဝင် နိုင်ငံပေါင်း ၁၃ ခုက ကုမ္ပဏီ ၄၅ ခုအထက်က ကူညီပေးနေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီတို့ရဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M) က အစီရင်ခံခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ ဘာလို့ NUG ကို တရားဝင်အဖြစ် အသိအမှတ်မပြု၊ လေယာဉ်ပစ်လက်နက်တွေမပေးတာလဲ မေးမယ်ဆိုရင်တော့ ဖြေရမှာတစ်ခုတည်းပါ။ အဲဒါကတော့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ လက်နက်မဲ့ ရဟန်းသံဃာ၊ သီလရှင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေနဲ့ တခြားပါတီဝင် ၅၅၀၀ လောက်ကို သတ်ဖြတ်ခဲ့တာတွေရဲ့ အကျိုးဆက်ကြောင့်လို့ပဲ ပြောရမှာပါ။
“အဆင့်ကျတဲ့ မြန်မာ့ဒီမိုကရေစီ”
မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ချက်မှာအဆင့် ၁၆၆ နေရာမှာ ရှိနေပြီး မြောက်ကိုရီးယားက အဆင့် ၁၆၅ နဲ့ မြန်မာ့အထက် ရပ်တည်နေသလို မြန်မာနိုင်ငံအောက်မှာ တစ်ခုတည်းသော နိုင်ငံအဖြစ်လည်း အာဖဂန်နစ္စတန်နိုင်ငံတစ်ခုပဲ ရပ်တည်နေတယ်လို့ Economist Intelligence Unit (EIU)ရဲ့ သုတေသနဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
NLD အစိုးရဟောင်းလက်ထက်ကတည်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ရမှတ် ၁၀ မှတ်မှာ ဘယ်တုန်းကမှ ၄ မှတ်အထက် မရခဲ့ဖူးခဲ့သလို အာဏာပဋိပက္ခဖြစ်နေပြီး ကိုယ့်အမြင်ကိုယ်ရေး၊ ဘယ်သူ့မှ မထောက်ခံရင်တောင် ကြားနေလို့ ဆဲရေးတိုက်ခိုက်သတ်ဖြတ်နေတဲ့ နိုင်ငံ။ NUG ထောက်ခံရင် သူပုန်အားပေးဆိုပြီး SAC က ဖမ်းတဲ့၊ SAC ထောက်ခံရင် ဒလန်၊ သူလျှိုဆိုပြီး NUG နဲ့ PDF တွေက အလစ်အငိုက်မှာ သတ်ဖြတ်တဲ့ နိုင်ငံမျိုးမှာ ဒီမိုကရေစီညွှန်းကိန်းတွေက မြောက်ကိုရီးယားထက်တောင် ကျလာတာကလည်း မဆန်းဘူးလို့ ပြောရမှာပါ။
“သက်တမ်းတိုးတဲ့ SAC”
နွေဦးတော်လှန်ရေးဆိုပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ NUG နဲ့ PDF တွေက လက်နက်မဲ့ပြည်သူ ၅၄၄၃ ဦးကို သတ်ဖြတ်ခဲ့တာ၊ ကားလမ်းကို ၁၀၂၁ ကြိမ်ဗုံးခွဲ၊ ရထားလမ်းကို ၆၆ ကြိမ်၊ တံတားတွေကို ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင်တွေကို ၂၃ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကို ၃၆၅ ကြိမ်ဗုံးခွဲခဲ့တာ။ မီးရှို့ ဖျက်ဆီးမှုမှာလည်း ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာ။ နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေမှာ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုက ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့သလို တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနဲ့ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့တာ။ မြို့ပေါင်း ၁၉၈ မြို့နယ်ပဲ တည်ငြိမ်ပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမဲ့ မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရမဲ့ မြို့နယ် ၆၅ မြို့နယ်ပဲ ရှိတာကြောင့် သာမန်မဟုတ်တဲ့ အခြေအနေလို့ ယူဆပြီး SAC ရဲ့ သက်တမ်းကို ခြေဥပုဒ်မ ၄၂၅ အရ ၆ လ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။
ဒီလိုမျိုး ၆ လသက်တမ်းတိုးလိုက်တာကြောင့် ၂၀၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲဖြစ်ဖို့ခဲယဉ်းသွားပြီး ဖြစ်မယ်ဆိုရင်လည်း အရင်တုန်းက ရွေးကောက်ပွဲတွေလိုပဲ နိုဝင်ဘာလောက်မှာ ရွေးကောက်ပွဲကျင်းပ၂၀၂၄ ခုနှစ် ဧပြီလောက်မှ အာဏာလွှဲပြောင်းပေးနိုင်ဖွယ်ရှိတဲ့ အခြေအနေကိုလည်း မြင်ရပါတယ်။ ဒီနေရာမှာ အားလုံးရဲ့ စိုးရိမ်မှုကတော့ ရွေးကောက်ပွဲကို အကြားအလပ်မရှိလုပ်မယ်ပြောပြီး ၆ လပြည့်တိုင်း သက်တမ်းတိုးနေမှာကို စိုးရိမ်နေတာပါ။ တစ်ဖက်မှာလည်း ဒီလိုသက်တမ်းတိုးချင်လို့ အကြမ်းဖက်သောင်းကျန်းသူတွေကို ထိထိရောက်ရောက်မနှိမ်နင်းတာလားဆိုတဲ့ အမြင်တွေကလည်း ရှိလာတဲ့အခြေအနေမှာ ထပ်မံတိုးတဲ့ သက်တမ်း ၆ လအတွင်း အကြမ်းဖက်သူတွေကို ဘယ်လောက်နှိမ်နင်းပြမလဲ။ လုံခြုံရေးကြပ်မတ်ဖို့လိုအပ်နေတဲ့ ၁၃၂ မြို့နယ်ကို ဘယ်လောက်ထိန်းကွပ်ပြမလဲဆိုတာကပဲ ၆ လပေါင်းများစွာ သက်တမ်းတိုးမတိုး အဖြေဖြစ်လာနိုင်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။