၆. ၂. ၂၀၂၃
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်မျှသာ ကျဆင်းမှုရှိပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၄၅,၀၀၀ ရှိခဲ့သည်။ ငွေလဲလှယ်နှုန်းသည် အပြောင်းအလဲမရှိဘဲ တစ်ဒေါ်လာလျှင် ကျပ် ၂၈၅၀ နှင့် ကျပ် ၂၈၆၀ အကြားတည်ငြိမ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၂၃ ဒေါ်လာ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၃ ရက်တွင် ရွှေတစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာသို့ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၈၇၉ ဒေါ်လာအထိ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ရွှေတစ်အောင်စ ၄၄ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့ (တနင်္လာနေ့)တွင် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၄၅,၀၀၀ သို့ကျဆင်းလာခဲ့ပြီး ဖေဖော်ဝါ ၃ ရက် (သောကြာနေ့)နှင့် နှိုင်းယှဥ်ပါက သုံးရက်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၂၅,၀၀၀ ခန့်သာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ဈေးနှုန်းမှာမူ သုံးရက်အတွင်း ကျပ် ၄၅,၀၀၀ အထိ လျှော့ချကာသတ်မှတ်ခဲ့သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ရွှေဈေးနှုန်း ၂,၈၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။