၆. ၂. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက လုပ်ငန်းခွင်၌ အလုပ်လုပ်နေချိန်အတွင်း မိုးကြိုးပစ်ခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်သူချိုဆိုသူသည် ဘန်ကောက်မြို့ Chomphon အရပ်ရှိ Phaholyothin လမ်းတွင်တည်ရှိသော အထပ်မြင့်အဆောက်အဦ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဘိလပ်မြေလောင်းနေချိန်အတွင်း သူငယ်ချင်းများရှေ့တွင်ပင် မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Bang Sue ရဲစခန်း၏ ဒုတိယရဲမှူးကြီး အန်နက် နက် ဝီဂျစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ကိုအောင်သူချိုသည် အဆိုပါအထပ်မြင့်အဆောက်အဦ၏ ၂၁ လွှာတွင် ဘိလပ်မြေလောင်းနေချိန်တွင် မိုးကြိုး ပစ်ခံရခြင်းဖြစ်ရာ သူငယ်ချင်းများက နှလုံးခုန်နှုန်း ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ သေဆုံးခဲ့ကြောင်း သိရသည်။
ကိုအောင်သူချို၏ အမဖြစ်သူက ၎င်း၏မောင်ဖြစ်သူ သေဆုံးမှုကို လက်ခံကြောင်း၊ ဘာသာရေးအစဉ်အလာအတိုင်း သဂြိုလ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Bang Sue ရဲစခန်း၏ ဒုတိယရဲမှူးကြီးကလည်း အဆိုပါဖြစ်ရပ်သည် မတော်တဆမှုသာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်အောင်သူချို၏ ရုပ်အလောင်းကို မှုခင်းဆေးရုံသို့ ပို့ဆောင်ကာ အသေးစိတ်စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် ကိုအောင်သူချို သေဆုံးမှုသည် လုပ်ငန်းခွင် ပေါ့ဆခြင်း သို့မဟုတ် ထိန်းသိမ်းမှုကောင်းမွန်မှုမရှိခြင်းကြောင့်မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
ကိုအောင်သူချို သေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များ၊ ဆွေမျိုးများက စောဒကတက်ခြင်းမရှိသော်လည်း ထိုင်းရဲတပ်ဖွဲ့က သေဆုံးမှုနှင့်ပတ်သက်ပြီး မှန်ကန်မှု ရှိ မရှိဆိုသောအချက်ကို ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး အန်နက် နက် ဝီဂျစ်က ဆက်လက်ပြောသည်။
ref -thairath