◾️မြောက်ကိုရီးယားက မြန်မာ့အထက် အဆင့် ၁၆၅ ဖြင့် ရပ်တည်နေပြီး အာဖဂန်နစ္စတန်က အဆင့် ၁၆၇ ဖြင့် နောက်ဆုံးတွင်ရှိနေ
၆. ၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၆၆ နေရာတွင်ရပ်တည်လျက်ရှိနေကြောင်း Economist Intelligence Unit (EIU)၏ သုတေသနဆိုင်ရာအစီရင်ခံ ထုတ်ပြန်ချက်များအရ သိရသည်။
၁၉၄၆ ခုနှစ်ကတည်းက တည်ထောင်ဖွဲ့စည်းထားသော ဥရောပအခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့်(EIU)သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၏ ဒီမိုကရေစီ ရရှိမှုအခြေနေများကို လေ့လာသုံးသပ်ပြီးနောက် အမှတ်ပေးကာ နှစ်စဉ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော EIU ၏ ၂၀၂၂ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးနိုင်ငံတွင် နော်ဝေး၊ အိုင်ယာလန်၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်တို့က ထိပ်ဆုံးတွင် ရှိနေပြီး မြန်မာ၊ မြောက်ကိုရီးယားနှင့် အာဖန်ဂန်နစ္စတန်နိုင်ငံတို့က ကမ္ဘာအဆင့်သတ်မှတ်ချက်တွင် အောက်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
EIU သည် ဒီမိုကရေစီအညွှန်းကိန်းသတ်မှတ်ရန် အချက်ငါးချက်ကို အခြေပြုပြီး အဆိုပါအချက်များမှာ ရွေးကောက်ပွဲလုပ်ငန်းနှင့် လူအများပါဝင်ဆောင်ရွက်ခွင့်ပေးမှု၊ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူများနိုင်ငံရေးတွင်ပါဝင်မှု၊ ဒီမိုကရက်တစ်နိုင်ငံရေးယဉ်ကျေးမှုနှင့် ပြည်သူများ၏လွတ်လပ်မှုအခြေနေများကို စောင့်ကြည့်လေ့လာသုံးသပ်ကာ အမှတ်ပေးပြီး ကမ္ဘာအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အချက်ငါးချက်နှင့်ပတ်သက်ပြီး စုစုပေါင်းအမှတ်ပေါင်း ၁၀ ပေးရာ မြန်မာနိုင်ငံက အမှတ်အနည်းဆုံးရရှိသောနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
EIU သည် ၂၀၂၂ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ရာတွင် ကမ္ဘာတဝှမ်းရှိနိုင်ငံ၊ ဒေသပေါင်း ၁၆၇ ခုကို လေ့လာသုံးသပ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ EIU ၏ ၂၀၂၂ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ၀ ဒသမ ၇၄ မှတ်သာရရှိခဲ့ပြီး အဆင့် ၁၆၆ တွင် ရပ်တည်နေခဲ့ခြင်းဖြစ်ကာ မြောက်ကိုရီးယားကမူ ရမှတ် ၁ ဒသမ ၀၈ မှတ်ဖြင့် မြန်မာနိုင်ငံအထက်တွင် ရပ်တည်နေပြီး မြန်မာနိုင်ငံ၏နောက် တစ်ခုတည်းသောနိုင်ငံမှာ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ကာ ရမှတ် ၀ ဒသမ ၃၂ မှတ်ဖြင့် အဆင့် ၁၆၇ တွင် ရပ်တည်နေသည်။
ထို့ပြင် ဒီမိုကရေစီအညွှန်းကိန်း ကမ္ဘာအဆင့်သတ်မှတ်ရာတွင် မြန်မာနိုင်ငံ၏ အမှတ်ရရှိမှုသည် ပြီးခဲ့သော ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းသွားခဲ့ကြောင်းသိရသည်။ EIU ဖော်ပြချက်အရ မြန်မာနိုင်ငံသည် ဒီမိုကရေစီအညွှန်းကိန်းကမ္ဘာအဆင့်သတ်မှတ်မှုတွင် ရမှတ်အနေဖြင့် ၂၀၂၁ ခုနှစ်က ၁ ဒသမ ၀၂ မှတ်၊ ၂၀၂၀ ပြည့်နှစ်က ၃ ဒသမ ၀၄ မှတ်၊ ၂၀၁၉ ခုနှစ်က ၃ ဒသမ ၅၅ မှတ်၊ ၂၀၁၈ ခုနှစ်က ၃ ဒသမ ၈၃ မှတ်ရရှိခဲ့ကြောင်း သိရသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအညွှန်းကိန်းကမ္ဘာအဆင့်သတ်မှတ်ချက်များတွင် ရမှတ်ပိုင်း လျော့နည်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက်ရရှိသော ရမှတ်သည် နောက်ဆုံးငါးနှစ်အတွင်း အနည်းဆုံးရမှတ်ဖြစ်ကြောင်း EIU ကဆိုသည်။
ref -Economist Intelligence Unit