၆. ၂. ၂၀၂၃
Written by Ye Kyaw
နျူးကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ တည်ထောင်ပြီးဖြစ်၍ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် နျူးကလီးယားအသိပညာ ပြန့်ပွားရေးနှင့် ကျန်းမာရေး၊ မွေးမြူရေ၊ စက်မှုလုပ်ငန်း စသည်တို့တွင် အခြေခံအဆောက်အအုံများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ရီ ၆ ရက်တွင် ပြောသည်။
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နျူးကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နျူးကလီးယားနဲ့ ဓာတ်ရောင်ခြည်တွေကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ အသုံးချနိုင်ဖို့အတွက် နိုင်ငံရဲ့ နျူးကလီးယား အခြေခံအဆောက်အအုံ တည်ဆောက်နိုင်ရေးနဲ့ ပတ်သက်လို့ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းကာ လိုအပ်တဲ့ နျူးကလီးယား အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဆိုင်ရာလုပ်ငန်းတွေကိုလည်း ဆန်းစစ်လေ့လာပြီးဖြစ်တယ်” ဟု SACဥက္ကဋ္ဌက ပြောကြားသည်။
ယခုဖွင့်လှစ်ခဲ့သည့် နျူးကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှတစ်ဆင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်နှစ်အတွင်း နျူးကလီးယားနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုသိရှိစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“နျူးကလီးယားစွမ်းအင်အပေါ်မှာ ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်များ ရရှိစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ အခုနျူးကလီးယား သတင်းအချက်အလက်စင်တာ ထူထောင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစင်တာဖွင့်လှစ်ပြီးရင် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဆောင်ရွက်ဖို့ နျူးကလီးယားနည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းပိုင်းနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဥ်ကိုလည်း သဘောတူညီခဲ့ပြီးလည်း ဖြစ်ပါတယ်” ဟု SACဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ စင်တာဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား နျူးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါစင်တာတွင် ကျောင်းသားလူငယ်များသာမက တက္ကသိုလ် ကျောင်းသား/ကျောင်းသူများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ လူ့စွမ်းအားမြှင့်တင်ရေးကဏ္ဍတို့အတွက် ဗဟုသုတများရရှိစေရန်နှင့် ပြည်သူများ ခေတ်မီနျူးကလီးယား နည်းပညာများကို လေ့လာရန်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။