MT News
Written By Myo Khine
တပ်မတော်ရဟတ်ယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့မှု မှားယွင်းကြောင်းနှင့် “တပ်မတော် ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ပါက သက်သေဓာတ်ပုံနှင့်တကွတင်ရန်” နစက၏ ပြည်ထောင်စု အစိုးရအဖွဲ့တွင် ဒုဝန်ကြီးတာဝန်ရယူထားသူတစ်ဦးက MT News သို့ ဖေဖော်ဝါရီလ၄ရက်နေ့က ပြောကြားခဲ့သည်။
“လျှောက်ရေးနေတာ။ သူတို့ ပစ်ချခဲ့တယ်ဆိုရင် ဓာတ်ပုံ မှတ်တမ်းတင်လေ။ သူများနိုင်ငံကပုံကို တင်ရင်လည်း လိမ်တာ ပေါ်တာပဲလေ။ အခု လူ အယောက် ၂၀ စစ်တပ်ဖက်က သေတယ် ဘာညာဆိုရင် လေယာဉ်ကိုလည်း ပစ်ချခဲ့တယ်ဆိုရင် ဓာတ်ပုံတင်လေ”ဟု နစက၏ ပြည်ထောင်စု အစိုးရအဖွဲ့တွင် ဒုဝန်ကြီးတာဝန်ရယူထားသူတစ်ဦးက MT News သို့ ပြောသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနဆိုသော လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ် ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မတော်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် အဆိုပါ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊ HPDF-124 ၊ HPDF၊ HPDF မိုးကြိုး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)နှင့်မဟာမိတ်တပ်ပေါင်းစုများမှ ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့တပ်သားနှင့်ပျုစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး သေဆုံးခဲ့ရကြောင်းလည်း ရေးသားထားသည်။
သို့သော် ထို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနဆိုသော လူမှုကွန်ရက်စာမျက်နှာတွင်သာမက ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို သိမ်းယူတိုက်ပွဲဆင်နွှဲနေသည်ဆိုသော ဟုမ္မလင်း PDF များက အဆိုပါ ထုတ်ပြန်ချက် နှင့်ပတ်သက်၍ ထုတ်ပြန်ထားမှုမတွေ့ရသည့်အပြင် ကူးယူဖော်ပြသည့်သတင်းမီဒီယာများနှင့် အချို့သောအဖွဲ့အစည်းများကလည်း အခြားသောနိုင်ငံများမှပျက်ကျသည့် ရဟတ်ယာဥ်များပုံကိုသာ တင်ထားသည်ကို တွေ့ရသည်။