၄. ၂. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့တွင် သေနတ်သမားများက နေအိမ်အတွင်း၌ ရှိနေသော ရာအိမ်မှူးအား သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်သွားမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းနှင့် ၁၂၂ လမ်းကြား၊ ၅၁ (ဘီ)လမ်းကြားရှိ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူးသည် နေအိမ်အတွင်း၌ရှိနေစဉ် ဆိုင်ကယ် ၃ စီးဖြင့် အမည်မသိအမျိုးသား ၆ ဦးက ခြံရှေ့သို့ရောက်လာပြီး ၂ ဦးမှာ အိမ်ထဲသို့ဝင်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားပြီး ၅၁ (ဘီ)လမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါရာအိမ်မှူးသည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ယာဘက်နဖူးကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်နားထင်ကို ဖောက်ဝင်သောဒဏ်ရာ ၁ ချက်နှင့် ယာဘက်ရင်အုံကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သဖြင့် ထာဝရမေတ္တာနာကူအသင်းယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံကြီးသို့ ရောက်ရှိစဥ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာမှ NRC Luger 9mm ကျည်ခွံ ၁ ခု၊ S&B 21 9×19 ကျည်ခွံ ၂ ခုနှင့် ကျည် ၂တောင့်တို့ တွေ့ရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့များကလည်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။