◾️မိုးလေဝသလေ့လာရေး ပူဖောင်းသာဖြစ်ကြောင်းတရုတ်အစိုးရ ငြင်းဆို
၄. ၂. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးမိုးပျံပူဖောင်းဟု သံသယရှိရသော ပူဖောင်းတစ်လုံးကို အမေရိကန်နိုင်ငံပေါ်တွင် တွေ့ရ၍ ခြေရာခံလိုက်နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင်ပင် အလားတူမိုးပျံပူဖောင်းတစ်လုံးကို လက်တင်အမေရိကဒေသပေါ်တွင် ထပ်မံတွေ့ရှိရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်က ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ပက်ထရစ်ရိုက်ဒါက လက်တင်အမေရိကပေါ်တွင် အဆိုပါပူဖောင်း၏ရွေ့ရှားသွားလာမှုများကို စောင့်ကြည့်နေကြောင်း၊ တရုတ်နိုင်ငံ၏ မိုးပျံထောက်လှမ်းရေးပူဖောင်းဖြစ်မည်ဟုပင်သုံးသပ်ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိုးလေဝသသုတေသနပြုမှုအတွက် လွှတ်တင်ထားခြင်းဟုပြောသော်လည်း အမေရိကန်၏လေကြောင်းပိုင်နက်နှင့် နိုင်ငံတကာဥပဒေကိုပါ ကျူးကျော်ချိုးဖောက်ရာရောက်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ပြောခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံပေါ်တွင် တွေ့ရှိခဲ့ရသေ မိုးပျံပူဖောင်းက တရုတ်နိုင်ငံကပိုင်ဆိုင်သည်မှာမှန်ကန်ကြောင်း၊ သို့သော်၎င်းက ထောက်လှမ်းရေးအတွက်မဟုတ်ဘဲ မိုးလေဝသဆိုင်ရာ သုတေသန ပြုနေသော အရပ်ဘက်မိုးပျံပူဖောင်းတစ်လုံးသာဖြစ်ကြောင်း၊ မူလလမ်းကြောင်းမှ မတော်တဆလွဲချော်ကာ အမေရိကန်နိုင်ငံလေပိုင်နက်တွင်း ရောက်ရှိသွားခြင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင်ပင် ပြန်လည်ပြောကြားခဲ့သည်။ ၎င်းက ထိုကဲ့သို့ အမေရိကန်လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ပူဖောင်း မတော်တဆ ရောက်ရှိသွားခြင်းအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ထိုကိစ္စအတွက် အမေရိကန်အစိုးရနှင့် ဆက်သွယ်ပြောကြားသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထိုကဲ့သို့ တရုတ်နိုင်ငံဘက်က ၎င်းတို့၏မိုးပျံပူဖောင်းဖြစ်ကြောင်း အတည်ပြုပြောကြားပြီးနောက်တွင်မူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်နိုင်ငံသို့သွားရောက်ရန်စီစဉ်ထားသည့် ခရီးစဉ်ကို နာရီပိုင်းအလိုဟုဆိုချိန်တွင်ပင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
၎င်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ဝမ်ရိထံသို့ ဖေဖော်ဝါရီ ၃ ရက်တွင် ဖုန်းဆက်ကာ အမေရိကန်လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ထောက်လှမ်းရေးဂြိုလ်တု တည်ရှိနေခြင်းက အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်စော်ကားခြင်းဖြစ်ကြောင်းပြောခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဘလင်ကန်က သတင်းစာရှင်းပွဲတစ်ခု၌ “ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ခရီးစဉ် မတိုင်ခင်မှာ ဒီလိုဖြစ်ရတာက ဆွေးနွေးမယ့်အကြောင်းအရာတွေအားလုံး ထိရောက်မှုရှိစေဖို့ကို ပျက်ပြားစေမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်နှင့် အမေရိကန်အစိုးရတို့အနေဖြင့် ဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ် တစ်စုံတစ်ရာကိုမှလည်း ကြေညာထားခြင်းမရှိကြောင်း၊ အမေရိကန်အစိုးရ၏ကြေညာပြောကြားချက်များက ၎င်းတို့အပိုင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကျွမ်းကျင်ပညာရှင်များက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုနှစ်နိုင်ငံစလုံးသည် စစ်အေးကာလအတွင်း အလားတူ ထောက်လှမ်းရေးမိုးပျံပူဖောင်းများကိုအသုံးပြုခဲ့ကြကြောင်း၊ ၎င်းတို့က အမြင့် မီတာ ၂၄,၀၀၀ မှ ၃၆,၀၀၀ အကြား ပျံသန်းလေ့ရှိကြကာ လေကြောင်းလိုင်းများမှ ခရီးသည်တင်လေယာဉ်များနှင့် တိုက်လေယာဉ်များထက် ပို၍မြင့်စွာပျံသန်းနိုင်ကြကြောင်း ပြောခဲ့ကြသည်။
Ref—CNN