၄. ၂. ၂၀၂၃
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်၊ တစ်ပတ်တာကာလအတွင်း လူလေးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ကနဦးဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာအနီးတွင် နံနက်ခင်းလမ်းလျှောက်ထွက်လာသော ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးအား ဗိုလ်ကြီးဟောင်း၊ ဒလန်ဟုဆိုကာ အသုတ်ဝယ်နေစဉ် ဘတ္ထရီစက်ဘီးဖြင့် လူနှစ်ဦးရောက်လာပြီး သေနတ်ဖြင့်ပစ်သဖြင့် မျက်နှာတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
ထို့နောက် လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ဇေယျမင်္ဂလာ (၂) လမ်း၌ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်ဦးလူအေးကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် စက်ဘီးစီးလာသူနှစ်ဦးကပင် ပစ်ခတ်သတ်ဖြတ်သဖြင့် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့အတူ ယနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီခန့်တွင်လည်း လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဘုရင့်နောင်(၁၀)လမ်းနှင့် ဖြတ်လမ်းထောင့်၌ ထမင်းကြော်ရောင်းချသူ ရာအိမ်မှူး ဦးမင်းဇော်သည် ဆိုက္ကားဆရာဦးရန်နိုင်စိုးနှင့်အတူ လမ်းဘေး၌ ထမင်းကြော်ရောင်းရန် ပြင်ဆင်နေစဉ် ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးမင်းဇော်၌ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ/ဒဏ်ရာ စိစစ်ဆဲ)နှင့် ဦးရန်နိုင်စိုး၌ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ/ဒဏ်ရာ စိစစ်ဆဲ)ထိမှန်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် ပြင်းထန်ဒဏ်ရာရသူနှစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်းနှင့် ဖြစ်ပွားသည့်နေရာမှ ကျည်ခွံ ၆ ခု တွေ့ရှိခဲ့ရကြောင်း သိရသည်။
“လှိုင်မြို့နယ်က အေးချမ်းသလားဆိုရင် တစ်ပတ်အတွင်း လူလေးယောက် ပစ်ခတ်သတ်ဖြတ်ခံရတယ်။ တစ်ယောက်က ဆပ်ပြာစက်ရုံမန်နေဂျာ၊ တစ်ယောက်က မီးသတ်၊ ဒီမနက်က ရာအိမ်မှူးနဲ့ သူ့တပည့်။ ရာအိမ်မှူးနဲ့ သူ့တပည့်ကလည်း ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့ ရပ်ကွက်အတွင်းမှာ ပြောနေကြတယ်။ ရန်ကုန်မှာတော့ လှိုင်က အဆိုးဆုံးဖြစ်နေပြီ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ပစ်ခတ်သတ်ဖြတ်ခံရသူများမှာ သူလျှို၊ ဒလန်ဟု စွပ်စွဲခံရပြီး သေဆုံးရခြင်းဖြစ်သော်လည်း ယခုဖြစ်စဉ်များကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် လုပ်ဆောင်ကြောင်း ထုတ်ပြန်မှုမရှိချေ။ ရန်ကုန် UG များအနေဖြင့်လည်း လုပ်ကြံတိုက်ခိုက်မှုများကို စာထုတ်ဝန်ခံပါက ဆက်နွှယ်ပတ်သက်သူများ ချက်ခြင်းဖမ်းဆီးခံရသဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်များအပေါ် ဝန်ခံမှုနည်းပါးလာကြောင်းလည်း သိရသည်။