၄. ၂. ၂၀၂၃
Written by Ye Kyaw
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျပ် ၂၃၀၀ ကျော်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်း စက်သုံးဆီဈေးနှုန်း လက်ရှိတွင် ကျပ် ၂၂၀၀ အောက်သို့ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၈၆၀ ကျပ်ရှိကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၃၀၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် (မနေ့က) ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ် ၂၁၄၀ ဖြင့် ကျပ် ၂၂၀၀ အောက်သို့ စတင်ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီကော်မတီမှ သိရသည်။
“အခုက ကားကဆွဲမကောင်းတာမဟုတ်ဘူး ပုံမှန်အခြေအနေရှိတယ်။ အခုမကိုက်ဘူးဆိုတာက ရတဲ့ပိုက်ဆံရဲ့ တစ်ဝက်လောက်က ဆီဖိုးထဲသွားတာ။ အရင်က Owner ကြေးဖယ်ပြီး ကျန်တာကိုယ့်ပိုက်ဆံပဲ။ အခုက အဲဒီလိုမကျန်တော့ဘူး။ အဲဒီအမြတ်ငွေလို့ ပြောလိုရတဲ့ထဲက တစ်ဝက်လောက်က ဆီဖိုးထဲပါသွားတာ။ ကိုယ်က ဆီမိုလို့ ဒီပြဿနာရှိတယ်မထင်နဲ့ CNG ကလည်း မီးမလာတာနဲ့ Pressure မပြည့်တာနဲ့ သူတို့မှာလည်း သူတို့အခက်အခဲတွေ တော်တော်ကျပ်တည်းပါတယ်” ဟု တက္ကစီယာဥ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၂၂၄၀ အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း၌ စက်သုံးဆီ ယာယီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက်အစိုးရက ဝင်ရောက်ကြီးကြပ်ခဲ့ခြင်းကြောင့် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ် ၂၃၀၀ ကျော်သို့ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။