MT News
၄. ၂. ၂၀၂၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် Honda Fit ယာဉ်တစ်စီးအား နေ့ခင်းကြောင်တောင် ဓားထိုးလုယက်မှု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ Honda Fit ယာဉ်တစ်စီးအား ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် သုဝဏ္ဏ တံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် ယာဉ်မောင်းအား ဓားထိုးလုယက်ခံခဲ့ရခြင်းဖြစ်ပြီး လူနာအား အနီးရှိစျေးသည်များ မှ Taxi ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူက အသိပေးထားပြီး လူနာရှင်နှင့် အဆက်အသွယ်ရရှိရန် Facebook တွင် ကြေညာထားသည်။ လက်ရှိတွင် လုယက်သူများက ကားသော့ကို ချိုးသွားသဖြင့် သက်ဆိုင်ရာမှ ယာဉ်ကို ကရိန်းဖြင့် ဆွဲသွားကြောင်းနှင့် လက်ရှိအချိန်တွင် ဓားထိုးလုယက်ခံရသူ၏ မိသားစုနှင့် အဆက်အသွယ်ရရှိပြီဖြစ်ကြောင်းလည်း မိုးစေတနာပရဟိတအသင်းက အသိပေးထားသည်။
သုဝဏ္ဏတံတားအဆင်းနှင့် သုဝဏ္ဏဘက်သို့ သွားသော မီးပွိုင့်နေရာများသည် မကြာခဏ ကားများကို ဓားထိုးလုယက်မှုဖြစ်ပွားသော နေရာဖြစ်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ထိုနေရာအနီးတွင်ပင် မီးပွိုင့်မိနေစဉ် သရုပ်ဆောင်အဆိုတော်တစ်ဦး၏ ဖုန်းကို ဓား ခါးကြားထိုးထားသူနှစ်ဦးက လာရောက်လုယက်မှုဖြစ်စဉ်နှင့် ကားပြန်ပေးဆွဲကာ ငွေတောင်းခံပြီး ယာဉ်မောင်းကို ဓားဖြင့်ထိုးမှုများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။