MT News
နိုင်ငံတော်အာဏာကို ခြောက်လထပ်မံကိုင်တွယ်သုံးစွဲခွင့်ရရှိထားသည့် SAC က ယမန်နေ့ညတွင် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည့် မြို့နယ်များကို အသိပေးထုတ်ပြန်သည်။
အဆိုပါမြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် ၁၁ မြို့နယ်ဖြစ်ပြီး ချင်းပြည်နယ်တွင် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးစသည့် ၇ မြို့နယ်ဖြစ်သည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်စသည့် ၅ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်း စသည့် ၅ မြို့နယ်တို့အပြင် မွန်ပြည်နယ်တွင် ရေးမြို့နယ်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ကြေညာခဲ့သည်။
အလားတူ တနင်္သါရီတိုင်းဒေသကြီးတွင် တနင်္သါရီမြို့နယ်နှင့် ပုလောမြို့နယ်၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်များကိုလည်း စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ကြေညာလိုက်ပြီး တိုင်းမှူးများအား စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန် ကြေညာခဲ့သည်။
အထက်ပါ ၃၇ မြို့နယ်အပြင် ဒုတိယဝန်ကြီးများပြောင်းရွှေ့တာဝန်ပေးခြင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်နုမြဇံကို သာသနာရေးနှင့်ယဥ်ကျေးမှုဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခြင်း၊ သာသနာရေးနှင့်ယဥ်ကျေးနှု ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကို ပညာရေးဝန်ကြီးဌာနသို့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းနှင့် ဒေါက်တာတင်ထွဋ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းအပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်ကိုလည်း စစ်ဘက်မူလတာဝန်များပြန်လည်ထမ်းဆောင်စေရန် ကြေညာခဲ့သည်။