၂၈. ၁. ၂၀၂၃
Written by Ye Kyaw
ကိုရီးယားကုမ္ပဏီများ ဆက်လက်ရှင်သန်ရေးနှင့် မြန်မာအလုပ်သမားများ အလုပ်အကိုင်တည်မြဲရေးအတွက် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီပေးရန် မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားလုပ်ငန်းရှင်များက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် တွေ့ဆုံစဥ် တောင်းဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့်ရင်းနှီးမြှုပ်နှံထားသည့်အနက် ကုမ္ပဏီ ၁၀၀ ခန့်သည် အထည်ချုပ်လုပ်ငန်းကုမ္ပဏီများဖြစ်ကြပြီး အခြားသော လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် အစရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံထားသည့် ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် စပ်လျဥ်းပြီး ကိုရီးယားကုမ္ပဏီများ ဆက်လက်ရှင်သန်ရေးနှင့် မြန်မာအလုပ်သမားများ အလုပ်အကိုင်တည်မြဲရေးအတွက် UMFCCI မှ ထောက်ပံ့မှု၊ လမ်းညွှန်မှု၊ အကြံပြုမှုများကို လိုအပ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် Korea Chamber of Commerce in Myanmar ဥက္ကဋ္ဌ Ms. Park Jeong – Hwan နှင့် အဖွဲ့ဝင်များက UMFCC ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများကို တင်ပြခဲ့သည်။
ထို့ပြင် ကိုရီးယားလုပ်ငန်းရှင်များအတွက် ဗီဇာရရှိရေး၊ သွင်းကုန်၊ ပို့ကုန် လိုင်စင် ကန့်သတ်မှုများ ဖြေလျော့စေရေး၊ လျှပ်စစ်မီး၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း၊ ဈေးကွက်အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံလျက်ရှိခြင်းကြောင့် အကူအညီပေးစေလိုကြောင်း မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားလုပ်ငန်းရှင်များက တင်ပြခဲ့သည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ အကောင်းဆုံး Partner ဖြစ်ကြောင်းနှင့် လက်ရှိအခက်အခဲများကို UMFCCI တွင် ဖွဲ့စည်းထားသည့် Help Desk မှတစ်ဆင့် သက်ဆိုင်ရာမူဝါဒချမှတ်သူများ၊ ကော်မတီများသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ကိုရီးယားလုပ်ငန်းရှင်များနှင့် မြန်မာအလုပ်သမားများအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေစဥ်းစား၍ တင်ပြသွားမည်ဖြစ်ကြောင်း UMFCCI မှ သိရသည်။