◾️ပခုက္ကူတွင် နယ်မြေတည်ငြိမ်မှုမဲ့နေပြီး ဗုံးပေါက်မှုများနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နေ
MT News
၂၇. ၁. ၂၀၂၃
ပခုက္ကူမြို့ရှောင်လမ်းတွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသူသုံးဦးတွေ့ရှိခဲ့ပြီး လူတစ်ဦး၊ ကားတစ်စီးနှင့် ကျပ်သိန်းထောင်ချီပျောက်ဆုံးနေသည်ဟု ကနဦးသတင်းများအရ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဇန်နဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောက်မြို့တွင်နေထိုင်သူလေးဦးသည် ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ အမဲလိုင်စင်လေလံဆွဲရန် ကျပ်သိန်း ၁၀၀၀ ခန့် ယူဆောင်၍(အချို့သော သတင်းများတွင် သိန်း ၄၀၀၀ ခန့်ဟု ဖော်ပြ) မော်တော်ယာဥ်တစ်စီးဖြင့် ချောက်မြို့မှထွက်လာခဲ့ပြီးနောက် ထိုသူလေးဦးအနက် သုံးဦး၏ ရုပ်အလောင်းကို လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိနေသည်ကို ပခုက္ကူမြို့ခံများ တွေ့ရှိသဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူတစ်ဦး၊ ကားတစ်စီးနှင့် အမဲလိုင်စင်လေလံဆွဲရန် ယူဆောင်သွားသောငွေများကို တာဝန်ရှိသူများက စုံစမ်းရှာဖွေနေကြောင်း သိရသည်။
”အမဲလိုင်စင်ဆွဲကြမဲ့သူတွေ။ သေဆုံးနေတာက မူဆလင်လူမျိုးတွေလို့ ကနဦး သိရတယ်။ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ မြို့ရှောင်လမ်းပေါ်မှာ သေဆုံးနေတာ သုံးဦးတွေ့ရပြီး ကားနဲ့လူတစ်ဦး ပါသွားတဲ့ငွေတွေ ပျောက်ဆုံးနေတယ်။ ငွေတွေကတော့ သိန်းထောင်ဂဏန်းပဲ။ စစ်ဆေးနေကြဆဲပဲရှိသေးတယ်” ဟု ပခုက္ကူမြို့ရှိ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ပခုက္ကူမြို့နယ်တွင် လူသတ်ဓားပြတိုက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ သူလျှိုဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ထိုနေ့ ဇန်နဝါရီ ၂၆ ရက်တွင်ပင် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာရှိ အထည်ချုပ်စက်ရုံမှ စက်ရုံးမှူး တရုတ်နိုင်ငံသားအမျိုးသမီးနှင့် စကားပြန်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားထားသလို လုံခြုံရေးတာဝန်ရှိသူများကလည်း ပခုက္ကူမြို့ပေါ်တွင် လိုက်လံစစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ် လဝကရုံးတွင်လည်း ဗုံးပေါက်ကွဲကာ ဝန်ထမ်းတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသည်ဟု မြို့ခံများက ပြောဆိုသည်။
အဆိုပါဖြစ်စဥ်များအပေါ် MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်ကို ဖော်ပြပေးသွားမည်ဖြစ်သည်။