◾️ဝန်ကြီးများရုံးတွင်းသို့ ဝင်ကြေးအခမဲ့ဖြင့် ပြည်သူများဝင်ရောက်လေ့လာနိုင်
၂၇. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ (Myanmar Travel Fair 2023)အား ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံ၌ ယနေ့မှစတင်၍ သုံးရက် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြပွဲအခမ်းအနားကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းပေါ်ရှိ ရှေးဟောင်းအမွေအနှစ်များ၊ ထည်ဝါခန့်ညားမှုများပါ ခံစားနိုင်မည့် ဝန်ကြီးများရုံးတွင် ဇန်နဝါရီ ၂၇ မှ ဇန်နဝါရီ ၂၉ ရက်အထိ သုံးရက်ကျင်းပသွားမည်ဖြစ်သည်။
‘’ခရီးသွားကုမ္ပဏီတွေအနေနဲ့လည်း ခရီးသည်တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ ရောင်းချနိုင်တဲ့ဟာကို လုပ်နိုင်မယ်။ ခရီးသွားပြည်သူတွေအတွက်ကို သူတို့ရောင်းချင်တဲ့ဟာကို Promotion တစ်ခုအနေနဲ့ အခွင့်အလမ်းတစ်ခုအနေနဲ့ ရောင်းနိုင်တယ်။ အဓိကတော့ ဈေးကွက်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားမယ်။ ခရီးသွားလို့ရနေပြီ ခရီးသွားကြမယ်။ ဘယ်နေရာကိုတော့ သွားဖို့သင့်တော်တယ်ဆိုတဲ့ဟာ ဖြစ်သွားရင် ဒီပြခန်းမှာ ပြသနေတဲ့ ခရီးသွားကုမ္ပဏီတွေတင် မကပါဘူး။ အခြားသောခရီးသွားကုမ္ပဏီတွေပါ ဝယ်လိုအားတွေ၊ ခရီးသွားလိုအားတွေ အများကြီးတက်လာမယ်ပေါ့နော်။ ဒီမှာပြခန်းကုမ္ပဏီ ၃၀ ကျော်လောက်ပဲပါပေမဲ့ တကယ်တမ်းခရီးသွားလုပ်ငန်းမှာ Demand တွေတက်လာမှာက ခရီးသွားကုမ္ပဏီ သုံးရာလည်းဖြစ်နိုင်တယ်။ ငါးရာလည်းဖြစ်နိုင်တယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ခရီးသွားပြပွဲအား (၇) ကြိမ်အထိ ဆောင်ရွက်နိုင်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပြခန်းပေါင်း ၉၀ မှ ၁၀၀ ခန့်အထိ ပါဝင်ပြသနိုင်ခဲ့သည်။
လက်ရှိအချိန် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီးသွားလုပ်ငန်းအချို့ ရပ်တည်နိုင်မှုမရှိခြင်းနှင့် အခြားသောလုပ်ငန်းနယ်ပယ်များသို့ ပြောင်းရွှေ့လုပ်ကိုင်သွားကြသည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ပထမဆုံးပြုလုပ်သည့် မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ ၌ ပြခန်းပေါင်း ၃၅ ခန်းသာ ပြသနိုင်ခဲ့ကြောင်း ဦးနောင်းနောင်းဟန်က ဆိုသည်။
မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ တွင် ပြည်တွင်းခရီးစဥ်များအပြင် ပြည်ပခရီးစဥ်များ သွားရောက်လိုသူများအတွက်ပါ ပြသထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပခရီးစဥ်များအတွက် အာမခံထားရှိခြင်းဆိုင်ရာများအတွက် ခရီးသွားအာမခံကုမ္ပဏီများမှလည်း လာရောက်ပြသခဲ့ကြောင်း သိရသည်။
မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်ချုပ် UMFCCI ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။