၂၅. ၁. ၂၀၂၃
Written by Nay Moe
မရမ်းကုန်းမြို့နယ်တွင် လူနှစ်ဦးက လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသားနှင့် အမျိုးသမီး ဇနီးမောင်နှံနှစ်ဦး နှစ်လောင်းပြိုင်သေဆုံးမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီ ၄၀ ခန့်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၂)လမ်းသွယ်၊ (၂)လမ်းအတွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ စိစစ်ဆဲအမျိုးသား(၂)ဦးမှ အသက်(၄၅)နှစ်ခန့်ရှိ ဦးကျော်မင်းသန်းနှင့် ဒေါ်နော်စောမွန်မြတ်တို့နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“သူတို့နှစ်ယောက်မှာ အမျိုးသားက ဗိုလ်မှူးဟောင်းမို့လို့ သတ်တယ်။ အမျိုးသမီးကလည်း လဝကအရာရှိလို့ ပြောကြတယ်။ အဓိက,ကတော့ အရာရှိတွေမို့လို့ ဒလန်မို့လို့ အသတ်ခံရတာဆိုပြီး ပြောနေကြတာ” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
တပ်မတော်အရာရှိဟောင်းဖြစ်သူနှင့် လဝကအရာရှိဟုဆိုခြင်းကြောင့် ဒလန်ဟုသတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်၍ ဒေါ်နော်စောမွန်မြတ်တွင် ဦးခေါင်းပေါက်ထွက် ဒဏ်ရာ(၁)ချက်နှင့် ရင်ဘက်ဖောက်ဝင်တစ်ချက်၊ ဦးကျော်မင်းသန်းတွင် ဦးခေါင်းပေါက်ထွက် ဒဏ်ရာတစ်ချက်ရရှိခဲဲပြီး နေရာတွင်ပင် နှစ်လောင်းပြိုင်သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူနှစ်ဦး၏ အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
လက်ရှိအချိန်အထိ သတ်ဖြတ်ခဲ့သူများကို သိရှိရမှုမရှိသေးဘဲ စစ်ဆေးစုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။