၂၅. ၁. ၂၀၂၃
Written by Nay Moe
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်တွင် KTL Army နှင့် ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများမှာ ဇန်နဝါရီ ၂၀ မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့တွင် တိုက်ပွဲသည် ပိုမိုပြင်းထန်လာကာ ယခုချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
နှစ်ဖက်ပစ်ခတ်မှုများအကြားတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း အစရှိသည့်ကျေးရွာများရှိ ဒေသခံပြည်သူများ၏ နေအိမ်ပေါ်များသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးလျက်ရှိပြီး ဒေသခံပြည်သူများတိမ်းရှောင်နေရကာ လခရတပ်များနှင့် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ အခြားသော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ထို့အတူ တပ်မတော်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းစစ်ကူအနေဖြင့် Mi 35 ရဟတ်ယာဥ် အမျိုးအစားများအသုံးပြုကာ စစ်ကူပေးလျက်ရှိသည်။ ထိုသို့ စစ်ကူပေးတိုက်ခိုက်နေသော်လည်း အဆိုပါတိုက်ပွဲအတွင်း လခရဘက်မှ ကျဆုံးသူ (၄၀)ဦးနှင့် အထက်ရှိပြီး ကရင်လက်နက်ကိုင်များနှင့် PDF ပူးပေါင်းအဖွဲ့များအကြား ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိသည်ဟုလည်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထိုနည်းတူ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင်လည်း ဇန်နဝါရီ ၂၃ ရက် ည (၈) နာရီဝန်းကျင်မှ စတင်ကာ ဘုရားသုံးဆူမြို့ရှိ ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်သည့် မြို့ပြပျောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သလို ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့အကြား စစ်ကူလာသော တပ်မ (၄၄) လက်အောက်ခံတပ်များနှင့် KTL Army ၏ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များ အကြား အနီးကပ်ထိတွေ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ အဆိုပါတိုက်ပွဲများတွင်လည်း တပ်ဘက်မှ ၃ ဦးအထက်ကျဆုံးကာ ၅ ဦးနှင့်အထက် ဒဏ်ရာရရှိထားပြီး ကရင်လက်နက်ကိုင်များနှင့် PDF ပူးပေါင်းအဖွဲ့များအကြား ထိခိုက်ဒဏ်ရာရသူ မရှိဟုလည်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။